Published 10 June 2022

ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ဂျပန်နိုင်ငံသည် ၂၀၂၃မှ ၂၀၂၄ အထိ (၂)နှစ်သက်တမ်းအတွက် အလှည့်ကျအဖွဲ့ဝင်နိင်ငံငါးနိုင်ထဲက တစ်နိုင်ငံအဖြစ် ဇွန် ၉ရက်က ရွေးကောက်ခံရတယ်လို့သိရပါတယ်။

ဂျပန်နည်းတူ လာမယ့်သက်တမ်း(၂)နှစ်အတွက် ရွေးကောက်ခံရတဲ့ (၄)နိုင်ငံက ဆွစ်ဇာလန်၊မိုဇမ်ဘစ်၊မော်လ်တာနှင့် အီကွေဒေါတို့ဖြစ်ကြပါတယ်။

အဲဒီ(၅)နိုင်ငံဟာ လက်ရှိ အမြဲတမ်းမဟုတ်သော အလှည့်ကျအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ၊နော်ဝေး၊ကင်ညာ၊မက္ကဆီကိုနှင့် အိုင်ယာလန်တို့ နေရာ အစားထိုးတာဝန်ယူကြမှာဖြစ်ပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အဖွဲ့ဝင်(၁၅)နိုင်ငံရှိပါတယ်။ အဲဒီအထဲက (၅)နိုင်ငံကတော့ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံတွေဖြစ်ကြပြီး အမေရိကန်ပြည်ထောင်စု၊ရုရှား၊တရုတ်၊ပြင်သစ်နှင့်ဗြိတိန်တို့ဖြစ်ကြပါတယ်။

အခြား(၁၀)နေရာကတော့အလှည့်ကျစနစ်နှင့် အခြားနိုင်ငံတွေက တာဝန်ယူကြပါတယ်။နှစ်တိုင်း (၅)နိုင်ငံစီ ပြန်ရွေးကြတာ ဖြစ်ပါတယ်။

ဂျပန်၊ဆွစ်ဇာလန်၊မိုဇမ်ဘစ်၊မော်လ်တာနှင့် အီကွေဒေါတို့ကို ကုလသမဂ္ဂ အထွေထွေညီလာခံကနေ လျို့ဝှက်မဲနှင့် ရွေးချယ်ပေးခဲ့ကြပါတယ်။

၁၉၃နိုင်ငံတက်ရောက်မဲပေးရာမှာ ဂျပန်က ၁၈၄မဲရခဲ့ပါတယ်။

ဂျပန်ရဲ့ ထိပ်တန်းဦးစားပေးကတော့ “  စွမ်းအင်နှင့် စားနပ်ရိက္ခာအပါအဝင် လုံခြုံရေးကိစ္စဖြစ်တယ်” လို့ ဂျပန်ဒုတိယနိုင်ငံခြားရေးဝန်ကြီး အိုဒါဝါယာကီယိုရှီကပြောပါတယ်။

မိုဇမ်ဘစ်ဟာ ကုလလုံခြုံရေးကောင်စီမှာ ပထမဆုံးရွေးချယ်ခံရတာဖြစ်ပြီး ၁၉၂မဲရခဲ့ပါတယ်။

ဆွစ်ဇာလန်က ၁၈၇မဲ၊မော်လ်တာက ၁၈၅မဲနှင့် အီကွေဒေါက ၁၉၀မဲရရှိခဲ့ကြပါတယ်။

Source: AFP