Published 7 June 2022

ဗီယက်နမ်က ကျန်းမာရေးဝန်ကြီး ငုယင်သန်လောင်ကို ကွန်မြူနစ်ပါတီရဲ့ စည်းမျည်းတွေကို ချိုးဖောက်ပြီး နိုင်ငံတော်ရဲ့ ဘတ်ဂျက်ကို ဆုံးရှုံးမှုဖြစ်စေတယ်လို့ စွပ်စွဲပြီးအင်္ဂါနေ့က ထုတ်ပယ်ပစ်လိုက်တဲ့အကြောင်း နိုင်ငံပိုင်မီဒီယာက သတင်းထုတ်ပြန်ပါတယ်။

၂၀၁၆ခုနှစ်မှာ ဗီယက်နမ်မှာ စတင်ခဲ့တဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အရှိန်မြှင့်ဆောင်ရွက်နေတဲ့အချိန်မှာ ဝန်ကြီးတစ်ဦး အထုတ်ပယ်ခံလိုက်ရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်များက ကျန်းမာရေးဝန်ကြီးဌာန အကြီးတန်းအရာရှိဒါဇင်ကျော်လည်း ဖမ်းဆီးခံရပါတယ်။ သူတို့ကို ကိုဗစ်-၁၉ စစ်ဆေးရေးကိရိယာတွေအပါအဝင် ဆေးဝါးပစ္စည်းတွေ ဝယ်ယူရာမှာ မလျော်မကန်ဆောင်ရွက်ခဲ့ကြတယ်လို့ စွပ်စွဲပြီး ဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။ အကြီးတန်း ဘဏ္ဍာရေးနှင့် သံတမန်ရေးရာ အရာရှိကြီးတွေဟာ ပစ်မှတ်ထားအရေး ယူခံကြရပြီး တော်တော်များများဟာ တရားစွဲဆိုခံကြရပြီး ထောင်ချခံကြရပါတယ်။

အင်္ဂါနေ့ကကျင်းပတဲ့ ဗီယက်နမ်အမျိုးသားလွှတ်တော်က ၂၀၂၀ပြည့်နှစ်မှာ ကျန်းမာရေးဝန်ကြီးဖြစ်လာခဲ့တဲ့ အသက်၅၅နှစ်အရွယ်ရှိ ကျန်းမာရေးဝန်ကြီးကို မဲပေးထုတ်ပယ်လိုက်ကြတာဖြစ်ပါတယ်။

မစ္စတောလောင်းကို ကွန်မြူနစ်ပါတီကပါ ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။

“လောင်းဟာ နိုင်ငံရေးအတွေးအခေါ်နိမ့်ကျတယ်၊ ပါတီစည်းမျည်းတွေချိုးဖောက်တယ်။ပြီးတော့ ဘတ်ဂျက်ကို ဆုံးရှုံးမှုဖြစ်စေတယ်” လို့ အစိုးရက ကြေညာပါတယ်။

ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ရွှမ်းတူယင်ကို ခေတ္တဝန်ကြီးအဖြစ်ခန့်အပ်လိုက်တယ်လို့ ဗီယက်နမ်သတင်းအေဂျင်စီက သတင်းထုတ်ပြန်ပါတယ်။

 Source Reuters