#WorldPolitics
Published 25 May 2022

အမေရိကန်သမ္မတ’ဂျိုးဘိုင်ဒန်’က သူသဘောတူညီထားတဲ့အတိုင်း အာရှအတွင်း နျူကလီးယားလက်နက်ပိုင်နိုင်ငံကို ထိန်းချုပ်ဟန့်တားရေးကိစ္စများ ဆောင်ရွက်ရန် ယခုအပတ်အတွင်း အာရှခရီးထွက်လာခဲ့ပါတယ်။

 

ခရီးစဉ်ပြီးဆုံးပြီးနောက် ဗုဒ္ဓဟူးနေ့က 'ဘိုင်ဒန်' အာရှမှပြန်ထွက်ခွာပြီး ခဏအကြာမှာပဲ မြောက်ကိုရီးယားနိုင်ငံက တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်(ICBM)အပါအဝင် ဒုံးကျည် ၃ စင်းပစ်လွှတ်ခဲ့ပါတယ်။

 

‘ဘိုင်ဒန်’ထွက်ခွာပြီး တစ်နာရီမပြည့်ခင်မှာပဲ ဒုံးကျည်စမ်းသပ်မှု အချက်အခြာနေရာဖြစ်လာတဲ့ ပြုံယန်းမြို့တော်အပြည်ပြည်ဆိုင်ရာလေဆိပ် ဆူနန်ဒေသကနေ ဒုံးကျည် ၃ စင်းပစ်ခတ်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်ဦးစီးချုပ်က ပြောကြားလိုက်ပါတယ်။

 

ပထမဆုံးပစ်တဲ့ဒုံးကျည်က ICBM အမျိုးအစားဖြစ်မယ်လို့ယူဆရပြီး ဒုတိယတစ်စင်းက‌ ပစ်လွှတ်ပြီးလမ်းတဝက်မှာ ပျက်ကျသွားဟန်ရှိပါတယ်။

 

တတိယမြောက်တစ်စင်းကတော့ တာတိုပစ်ပဲ့ထိန်းဒုံးကျည်(SRBM)ဖြစ်ကြောင်း တောင်ကိုရီးယားဘက်က ပြောပြခဲ့ပါတယ်။

အမေရိကန်နဲ့တောင်ကိုရီးယားတိုက မြေပြင်ပစ်ဒုံးကျည်စမ်းသပ်ခြင်း၊ ပူးတွဲစစ်ရေးလေ့ကျင့်ခြင်းများပြုလုပ်နေကြကြောင်း တောင်ကိုရီးယားစစ်တပ်က ကြေညာလိုက်ပါတယ်။

 

မြောက်ကိုရီးယားက ယခုနှစ်အတွင်း ဒုံးကျည်စမ်းသပ်မှုများ အကြိမ်ကြိမ်ပြုလုပ်ထားပြီး အသံထက်မြန်တဲ့ ဟိုက်ပါဆောနစ်လက်နက်တွေကအစ ၅ နှစ်အတွင်း အင်အားအကြီးမားဆုံး ICBM ဒုံးကျည် ပထမဆုံးအကြိမ်စမ်းသပ်ပစ်ခတ်မှုအထိ ပြုလုပ်ခဲ့ကြပါတယ်။

 

၂၀၁၇ နောက်ပိုင်း ပထမဆုံးနျူကလီးယားစမ်းသပ်မှု ပြုလုပ်ဖို့ကိုလည်း ပြင်ဆင်နေတယ်လို့ ယူဆရပါတယ်။

 

ဆိုးလ်မြို့မှာ တောင်ကိုရီးယားသမ္မတ’ယွန်းဆော့ယောလ်’နဲ့ အစည်းအဝေးပြုလုပ်ဖို့ ‘ဘိုင်ဒန်’အာရှကိုလာတဲ့ခရီးစဉ်မှာ မြောက်ကိုရီးယားက ဒုံးကျည်ထပ်မံစမ်းသပ်ပစ်လွှတ်ဖို့အသင့်ဖြစ်နေနိုင်ပြီလို့ အမေရိကန်နဲ့ တောင်ကိုရီးယားမှ အရာရှိတွေက သတိပေးခဲ့ပါသေးတယ်။

မြောက်ကိုရီးယားတို့ ဒီလိုတွေရန်စပြုမူနေတာက အမေရိကန်နဲ့ တောင်ကိုရီးယားတို့ ပိုပြီးပူးပေါင်းဆောင်ရွက်လာအောင် တိုက်တွန်းသလိုဖြစ်နေပြီး မြောက်ကိုရီးယားအနေနဲ့ ပိုမိုရှောင်ဖယ်ခံရမှာဖြစ်ကြောင်း တောင်ကိုရီးယားအစိုးရက ပြောကြားထားပါတယ်။

 

ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနကလည်း မြောက်ကိုရီးယားဒုံးကျည်စမ်းသပ်မှု ၂ ကြိမ်မကရှိခဲ့ကြောင်း ပြောကြားလာပါတယ်။

 

ဒုံးကျည်တွေက ဂျပန်နိုင်ငံပိုင်စီးပွားရေးဒေသနယ်မြေအပြင်ဘက်သို့ ကျရောက်ခဲ့တယ်လို့ ဂျပန်ရုပ်သံဌာန NHK က ဖော်ပြခဲ့ပါတယ်။

ဆိုးလ်မြို့မှာ ‘ဘိုင်ဒန်’နဲ့’ယွန်းဆော့ယောလ်’တို့ တွေ့ဆုံခဲ့ရာမှာ ပိုမိုကြီးမားကျယ်ပြန့်တဲ့ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ဖို့နဲ့ မြောက်ကိုရီးယားလက်နက်စမ်းသပ်မှုတွေကို ဟန့်တားဖို့လိုအပ်လာရင် အမေရိကန်ဘက်မှ နည်းပညာအထောက်အကူများ ပံ့ပိုးသွားဖို့ သဘောတူညီခဲ့ကြပါတယ်။

 

‘ဘိုင်ဒန်’ရဲ့ခရီးစဉ်အတွင်း ရုရှားနဲ့တရုတ်ဗုံးကျဲလေယာဉ်များက ဂျပန်နဲ့တောင်ကိုရီးယားလေပိုင်နက်အနီးတို့မှာ လှည့်လည်ပျံသန်းခဲ့တာကို တွေ့ခဲ့ရပါတယ်။

 

Source: Reuters
#Yangon_Media_Group