#WorldBusiness
Published 30 April 2022

 

တွစ်တာလုပ်ငန်းစဉ်များအကြောင်းကို အီလွန်မတ်ဝေဖန်ခဲ့တာနဲ့ပတ်သက်ပြီး ဝန်ထမ်းအမြောက်အများ ထွက်ခွာသွားနိုင်တဲ့အခြေအနေနဲ့ ဝန်ထမ်းများမကျေမနပ်ဖြစ်ခြင်းတို့အပေါ် ကုမ္ပဏီစီမံခန့်ခွဲသူများအနေနဲ့ ဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲဆိုတာကို သောကြာနေ့ကကုမ္ပဏီတစ်ခုလုံးအစည်းအဝေးပြုလုပ်ခဲ့ရာ အမှုဆောင်အရာရှိချုပ်'ပါရက်ဂ်အာဂရာဝယ်လ်'အနေနဲ့ ဝန်ထမ်းတွေရဲ့မကျေနပ်မှုကို ဖြေရှင်းဖို့ကြိုးပမ်းခဲ့ရပါတယ်။

 

Tesla အမှုဆောင်ချုပ်'အီလွန်မတ်'က တွစ်တာလူမှုကွန်ရက်ကုမ္ပဏီကို ဒေါ်လာ ၄၄ ဘီလီယံဖြင့်ဝယ်ယူဖို့ သဘောတူခဲ့အပြီးမှာ တွစ်တာ app ထဲက အကြောင်းအရာစံသတ်မှတ်ချက်တွေအကြောင်းနဲ့ အချက်အလက်လုံခြုံရေးဆိုင်ရာ ပေါ်လစီမူဝါဒချမှတ်ရေး ထိပ်သီးအမှုဆောင်အရာရှိတစ်ဦးတို့ကို ထပ်ခါထပ်ခါ ဝေဖန်တိုက်ခိုက်ခဲ့ပါတယ်။

 

အဲဒီလိုဝေဖန်မှုအပြီးမှာ ကုမ္ပဏီအနေနဲ့ အစည်းအဝေးခေါ်ယူပြုလုပ်ခဲ့တာဖြစ်ပါတယ်။

 

အဆိုပါအစည်းအဝေးပွဲကြီးကို ရိုက်တာသတင်းဌာနကလည်းတက်ရောက်ခဲ့ပြီး အမှုဆောင်အရာရှိများရဲ့ပြောကြားချက်အရ ဝန်ထမ်းအင်အားဆုတ်ယုတ်လာမှုကို ကုမ္ပဏီက နေ့စဉ်အကဲဖြတ်လေ့လာသွားမှာဖြစ်ကြောင်း၊ ဒါပေမဲ့ ကုမ္ပဏီကို'မတ်'ဝယ်ယူခြင်းက ဝန်ထမ်းဆက်လက်ထိန်းသိမ်းရေးကို ဘယ်လိုသက်ရောက်မလဲဆိုတာကိုတော့ ပြောပြလို့မရသေးကြောင်း သိရှိရပါတယ်။

 

'မတ်က ကုမ္ပဏီဘုတ်အဖွဲ့နဲ့ အမှုဆောင်များရဲ့လစာကို အများအပြားလျှော့ချသွားဖို့ စီစဉ်နေပေမယ့် အတိအကျတော့ မသိရှိရသေးပါဘူး။

 

'အီလွန်မက်စ်'ကတွစ်တာပိုင်ရှင်အဖြစ် မသတ်မှတ်ရသေးခင်အထိ အလုပ်အကိုင်လျှော့ချဖို့ကိစ္စတွေကို ပြုလုပ်သေးမှာမဟုတ်ဘူးလို့ သတင်းအရင်းအမြစ်တစ်ခုက ဖော်ပြထားပါတယ်။

 

"ကုမ္ပဏီရှယ်ယာရှင်တွေနဲ့ သစ္စာစောင့်သိရမယ့် အကြောင်းတွေကိုကြားရတာ စိတ်ကုန်လာပါပြီ။ အရောင်းအဝယ်သဘောတူညီမှုအပြီးသတ်ပြီးသွားရင် ဝန်ထမ်းအများအပြားအလုပ်ဆုံးရှုံးရနိုင်တဲ့အခြေအနေကို ဘယ်လိုသဘောရပါသလဲ" လို့ တွစ်တာဝန်ထမ်းတစ်ဦးက အစည်းအဝေးပွဲမှာ အသံကျယ်ကျယ်နဲ့မေးမြန်းခဲ့ပါတယ်။

 

'အာဂရာဝယ်လ်'က တွစ်တာအနေနဲ့ ဝန်ထမ်းတွေကိုအမြဲတမ်းဂရုစိုက်ပြီး ဆက်လက်ပြီးလည်းအလေးထားသွားမှာဖြစ်တယ်လို့ ဖြေကြားခဲ့ပါတယ်။

 

"တွစ်တာအဖွဲ့အစည်းကြီးက တစ်ကမ္ဘာလုံးနဲ့ သုံးစွဲသူတွေအပေါ်သက်ရောက်မှုတွေကို ဆက်လက်အလေးထားသွားမှာဖြစ်ပါတယ်"

 

တွစ်တာကို 'အီလွန်မတ်'ဝယ်ယူဖို့ စိတ်ဝင်စားနေကြောင်း သတင်းမထွက်ခင်ကတည်းက အခြေအနေနဲ့ယှဉ်ရင် ဝန်ထမ်းအင်အားဆုတ်ယုတ်လာမှုပြောင်းလဲသွားခြင်းမရှိဘူးလို့ အမှုဆောင်အရာရှိများကပြောပြပါတယ်။

 

တွစ်တာမှ ဥပဒေရေးရာထိပ်သီးပုဂ္ဂိုလ်'ဗီဂျာယာဂက်ဒီ'က တွစ်တာမှာလုပ်သက်ရင့်နေသူဖြစ်ပြီး ဆီလီကွန်ဗယ်လီဒေသတဝိုက်မှာ လေးစားခံရသူတစ်ဦးဖြစ်ပါတယ်။

 

အခုရက်ပိုင်းတွေမှာ 'မက်စ်'က အဆိုပါအမျိုးသမီးကိုပစ်မှတ်ထားကာ တွစ်တာကနေဝေဖန်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

 

ဝန်ထမ်းတွေက 'မတ်'ရဲ့အပြုအမူကြောင့် တွစ်တာလုပ်ငန်းကြီးမတည်မငြိမ်ဖြစ်မှာကို စိုးရိမ်နေကြပြီး နောက်အပတ်အတွင်း နယူးယော့ခ်မြို့မှာကြော်ငြာကိစ္စပြုလုပ်ဖို့ရှိနေရာ စီးပွားရေးထိခိုက်လာမှာကို စိုးရိမ်နေကြပါတယ်။

 

အမှုဆောင်မဟုတ်တဲ့ဝန်ထမ်းတွေအတွက် လျော်ကြေးကိုလည်း ကန့်သတ်ထားတာကိုသတိထားမိကြောင်း ဝန်ထမ်းတစ်ဦးက ရိုက်တာကိုပြောပြခဲ့ပါတယ်။

 

အစည်းအဝေးပွဲအတွင်း 'အာဂရာဝယ်လ်'က ခေါင်းဆောင်အသစ်လက်ထက်မှာ အပြောင်းအလဲဖြစ်ဖို့ မျှော်လင့်ထားသင့်ကြောင်း၊ လာမယ့်နှစ်တွေမှာ ကုမ္ပဏီကပိုမိုကောင်းမွန်လာနိုင်ကြောင်း ဝန်ထမ်းတွေကိုအကြံပြုခဲ့ပါတယ်။

 

Source: Reuter
#Yangon_Media_Group