#WorldHealth
Published 20 April 2022

 

ဖိုင်ဇာမှထုတ်တဲ့ ကိုဗစ်ကုသဆေးပက်ဇ်လိုဗစ်(Paxlovid)အသုံးပြုပြီးနောက် လူနာနှစ်ဦးဟာ ကိုဗစ်နောက်ဆက်တွဲလက္ခဏာများခံစားနေရမှုမှ သက်သာပျောက်ကင်းခဲ့ကြောင်း သိရှိရပါတယ်။

 

ထိုလူနာနှစ်ဦးထဲကတစ်ဦးဟာ စမ်းသပ်လေ့လာနေတဲ့ သုတေသီတစ်ဦးဖြစ်ပြီး သူတို့ရဲ့စမ်းသပ်လေ့လာမှုဟာ အဆိုပါနောက်ဆက်တွဲလက္ခဏာတွေခံစားနေရတဲ့သူတွေကို အထောက်အကူဖြစ်စေမယ့် အထောက်အထားတွေပြသနိုင်ခဲ့ပါတယ်။

 

စမ်းသပ်အသုံးပြုခဲ့တဲ့သုတေသီတစ်ဦးက ပက်ဇ်လိုဗစ်ဆေးနှစ်လုံးအသုံးပြုခဲ့ပြီးနောက် နာတာရှည်ခံစားနေရတဲ့ညောင်းညာကိုက်ခဲမှုတွေ သက်သာသွားခဲ့တယ်လို့ အဆိုပြုခဲ့ပါတယ်။

 

ကိုဗစ်နောက်ဆက်တွဲလက္ခဏာတွေဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရသူ ၃၀ ရာခိုင်နှုန်းလောက်မှာ ဖြစ်လေ့ရှိပါတယ်။

 

အဆိုပါလက္ခဏာတွေဟာ အချိန်ကြာမြင့်စွာခံစားရတတ်ပြီး အလုပ်အကိုင်ပျက်တဲ့အထိ ခံစားရတတ်ပါတယ်။

 

နောက်ဆက်တွဲဝေဒနာပေါင်း ၂၀၀ ကျော်ဖြစ်လေ့ရှိရာမှာ နာကျင်ခြင်း၊ နွမ်းနယ်ကိုက်ခဲခြင်း၊ အာရုံဝေဝါးခြင်း၊ အသက်ရှူခက်ခဲခြင်း၊ လှုပ်ရှားမှုအနည်းငယ်ပြုလုပ်ရုံဖြင့် မောပန်းလွယ်ခြင်း စတဲ့ လက္ခဏာများပါဝင်ပါတယ်။

 

ဆန်ဖရန်ဆစ္စကို ကယ်လီဖိုးနီးယားတက္ကသိုလ်မှ ဆေးဘက်ဆိုင်ရာပါမောက္ခဒေါက်တာ'စတီဗင်ဒိခ်စ်'က "အဆိုပါအထောက်အထားတွေကြောင့် ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ကိုဗစ်ကုသဆေးအကြောင်း အမြန်ဆုံးလေ့လာဆန်းစစ်ဖိုလိုအပ်လာပြီဖြစ်ပါတယ်" လို့ ပြောကြားလိုက်ပါတယ်။

 

နောက်ဆက်တွဲလက္ခဏာတွေသက်သာပျောက်ကင်းသွားတာဟာ ကိုဗစ်ကုသဆေးအသုံးပြုတာကြောင့်ဖြစ်တယ်လို့ ကောက်ချက်ချလို့မရကြောင်း သိပ္ပံပညာရှင်တွေကသတိပေးလိုက်ပါတယ်။

 

ဒါပေမယ့် ဖြစ်နိုင်ချေရှိတာကတော့ ကိုဗစ်နောက်ဆက်တွဲလက္ခဏာခံစားရတာဟာ ဗိုင်းရပ်စ်က ခန္ဓာကိုယ်အစိတ်အပိုင်းတွေထဲမှာ လနဲ့ချီပြီး ကျန်ရှိနေတာကြောင့်ဖြစ်နိုင်ပါတယ်။

ကိုဗစ်ရောဂါကူးစက်ခံရပြီးသေဆုံးခဲ့သူ ၄၄ ဦးကို အသားစယူစစ်ဆေးကြည့်ရာမှာ ဗိုင်းရပ်စ်က ဦးနှောက်အပါအဝင် ခန္ဓာကိုယ်အနှံ့ရောက်ရှိသွားပြီး ၇ လကျော်တဲ့အထိ တည်ရှိနေနိုင်တာကိုတွေ့ရှိခဲ့ကြပါတယ်။

 

ကိုဗစ်ရောဂါကူးစက်ခံရသူတွေမှာ ရောဂါမပြင်းထန်စေဖို့အတွက် ကူးစက်ပြီးအစောပိုင်းရက်တွေမှာ ပက်ဇ်လိုဗစ်ဆေးကိုအသုံးပြုဖို့ အသိအမှတ်ပြုထားပါတယ်။

 

နောက်ဆက်တွဲလက္ခဏာခံစားရမှုအတွက် ဆေးသုတေသနပြုလုပ်ခြင်းမရှိတာကို ဝေဒနာခံစားနေရတဲ့လူတွေက စိတ်ပျက်လျက်ရှိနေပါတယ်။

 

ကိုဗစ်နောက်ဆက်တွဲလက္ခဏာနဲ့ပတ်သက်ပြီး စမ်းသပ်မှုပေါင်း ၂၀ အောက်သာရှိနေပြီး စမ်းသပ်မှုအနည်းငယ်ကသာ အစောပိုင်းစမ်းသပ်မှုအဆင့်ကို ကျော်လွန်ခဲ့ပြီးဖြစ်ပါတယ်။

 

Source: Reuters
#Yangon_Media_Group