Published 11 April 2022

တောင်ကိုးရီးယားနိုင်ငံမှာ အသက်(၉)နှစ်နှင့်အောက် ကလေးသူငယ်တွေအားလုံးရဲ့ တစ်ဝက်ခန့်ဟာ ကိုဗစ် ကူးစက်ခံခဲ့ကြရတယ်လို့ တောင်ကိုးရီးယားရောဂါထိန်းချုပ်ကာကွယ်ရေးဌာနKDCAက ပြောပါတယ်။

အဆိုပါဌာနရဲ့ ပြီးခဲ့တဲ့ စနေနေ့က သတင်းထုတ်ပြန်ချက်အရ  ကိုဗစ်ကူးစက်ခံရတဲ့  အသက်(၉)နှစ်နှင့်အောက် ကလေးသူငယ်တွေစုစုပေါင်းဟာ ၁,၈၈၇,၃၃၇ ဦး( ၁.၈၉ သန်းနီးပါး)ရှိတယ်လို့ သိရပါတယ်။ ဆိုလိုတာက အဲဒီ အသက်အရွယ်အုပ်စု တစ်သိန်းမှာ ၅၀,၁၉၀ ဦးကူးစက်ခံနေရတာဖြစ်ပါတယ်။ အခြားအသက်အုပ်စုတွေနှင့် ယှဉ်ရင် ဒီအသက်အုပ်စုဟာ ကူးစက်မှုအမြင့်ဆုံးဖြစ်နေပါတယ်။

အခြားအသက်အုပ်စုတွေထဲမှာ အသက်၁၀နှစ်နှင့် ၁၉နှစ်အကြားဟာ ဒုတိယမြောက် ကူးစက်မှုအမြင့်ဆုံးဖြစ်ပြီး  လူတစ်သိန်းမှာ ၄၃,၂၈၉ ဦးကူးစက်ခံနေရတာဖြစ်ပါတယ်။

ဖေဖော်ဝါရီနှင့် မတ်လတွေမှာ အိုမီခရွန်မျိုးကွဲ နိုင်ငံအနှံ့ပျံ့နှံ့ကူးစက်မှုတွေကြောင့် ကိုဗစ်ကပ်ရောဂါဟာ တောင်ကိုးရီးယားမှာ ခပ်မြန်မြန်မြင့်တက်လာခဲ့ပါတယ်။ အထူးသဖြင့် နေ့စဉ်ကူးစက်မှုတွေဟာ မြင့်တက်လာနေပြီး မတ်၁၇ရက်တစ်ရက်တည်းမှာ လူပေါင်း ခြောက်သိန်းနှစ်သောင်းကျော် ကူးစက်ခံခဲ့ရပါတယ်။ အဲဒီအရေအတွက်ဟာ တောင်ကိုးရီးယားမှာ ကိုဗစ် စတင်ကူးစက်ကတည်းက အမြင့်ဆုံးဖြစ်ပါတယ်။

တောင်ကိုးရီးယားဟာ မတ်လလယ်တုန်းက အသက်၁၂နှစ်နှင့် ၁၇နှစ်အကြား ကလေးသူယ်တွေကို အားမြှင့်ကာကွယ်ဆေး စတင်ထိုးနှံပေးခဲ့ပါတယ်။ မတ်လအကုန်မှာတော့ အသက် ၅နှစ်နှင့် ၁၁နှစ်အကြားကလေးတွေကို ကာကွယ်ဆေး စတင်ထိုးပေးခဲ့တယ်လို့ ယွန်ဟပ် သတင်းအေဂျင်စီရဲ့ သတင်းပေးပို့ချက်အရသိရပါတယ်။

ဆယ်ကျော်သက်တွေ ကိုဗစ်ကူးစက်ခံနေရတဲ့အတွက် အများပြည်သူတွေ အထူးသဖြင့် မိဘတွေဟာ စိတ်ပူပန်မှုတွေ ရှိလာနေပါတယ်။ မိဘတော်တော်များများက သူတို့ကလေးတွေ ကျောင်းပျက်မှာကို မလိုလားကြပါဘူး။

တရားဝင်ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ မတ်၂၉ရက်နှင့် ဧပြီ ၄ ရက်အကြားမှာ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား ကျောင်းသူ တစ်သိန်းကျော် ကိုဗစ်ကူးစက်ခံခဲ့ရတယ်လို့သိရပါတယ်။ အဲဒီအချက်အလက်တွေအရ တစ်ရက် တစ်ရက်ကို အလယ်တန်းကျောင်းသား တစ်သောင်းလေးထောင်ကျော် ကူးစက်ခံနေရတဲ့ သဘောပဲဖြစ်ပါတယ်။

ဒီလအကုန်ပိုင်းမှာ မူလတန်းနှင့် အလယ်တန်းတွေ နှစ်ဝက်စာမေးပွဲတွေ စစ်ဖို့ရှိနေပါတယ်။ ကိုဗစ်ကူးစက်ခံနေရတဲ့ ကျောင်းသူကျောင်းသားတွေကို စာမေးပွဲ ဖြေဆိုခွင့်မပေးဘူးလို့ ပညာရေးဝန်ကြီးဌာနက ကြေညာခဲ့တယ်။ ဒါပေမယ့် သူတို့ အရင်ရခဲ့တဲ့ အမှတ်တွေအပေါ် အခြေခံပြီး အမှတ်သတ်မှတ်ပေးမယ်လို့ ဝန်ကြီးဌာနကဆိုပါတယ်။

ပညာရေးဝန်ကြီးဌာနရဲ့ ဆုံးဖြတ်ချက်အပေါ် အငြင်းပွားမှုတွေဖြစ်လာခဲ့ပါတယ်။ မိဘတော်တော်များများက အဲသလိုဆိုရင် သူတို့သားသမီးတွေ အမှတ်လျှော့ခံကြရမှာနှင့် အဲဒါက အနာဂတ်မှာ ကောလိပ်ကျောင်းလျှောက်တဲ့အခါ အခက်ဖြစ်စေနိုင်မှာကို စိတ်ပူပန်နေကြပါတယ်။

မိဘတွေနှင့် ကျောင်းသူကျောင်းသားတွေဆီက အသနားခံမှုတွေအများအပြားရရှိပြီးနောက်  ကိုဗစ်ကူးစက်ခံရတဲ့ ကျောင်းသူကျောင်းသားတွေ နှစ်ဝက်စာမေးပွဲဖြေနိုင်မယ့် အခြေအနေကို ပြန်သုံးသပ်မယ်လို့ တုန့်ပြန်ခဲ့ပါတယ်။

တောင်ကိုးရီးယားနိုင်ငံမှာ စနေနေ့ညက ကိုဗစ် ကူးစက်မှုအသစ် ၁၆၄,၄၈၁ ဦးရှိခဲ့ပြီး စုစုပေါင်းကူးစက်ခံရသူပေါင်း ၁၅,၃၃၃,၆၇၀ရှိပြီဖြစ်ပါတယ်။

Source CMG