Published 3 April 2022

ကာဇက်စတန်သမ္မတနှင့် အဆင့်မြင့်အရာရှိကြီးတွေကို တိုက်ခိုက်ဖို့ ကြံစည်နေတဲ့ နိုင်ငံခြားသူလျှိုတစ်ဦးကို ယင်းရဲ့ လုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းဆီးရမိခဲ့တယ်လို့   ဧပြီ၃ ရက် တနင်္ဂနွေနေ့ကပြောပါတယ်။

“နိုင်ငံခြားသူလျှိုတစ်ဦးဖြစ်တဲ့ ကာဇက်နိုင်ငံသားတစ်ဦးကို နူလ်ဆူလ်တန်မြို့တော်မှာ တန်ပြန်ထောက်လှမ်းရေးအဖွဲ့က မတ်၂၅ရက်က ဖမ်းဆီးရမိခဲ့ပါတယ်” လို့ အမျိုးသားလုံခြုံရေးကောင်စီက သတင်းထုတ်ပြန်ပါတယ်။

အဲဒီသူဟာ ကာဇက်စတန်သမ္မတနှင့် အဆင့်မြင့်အရာရှိတော်တော်များများနှင့်အတူ အထူးတပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့တွေကို  တိုက်ခိုက်ဖို့ ကြံစည်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

သူ့အိမ်ကိုရှာဖွေစဉ် နိုင်ငံခြားတိုင်းပြည်လုပ်သေနတ်၊မူးယစ်ဆေးဝါးတွေနှင့် ငွေစက္ကူအများအပြား တွေ့ရှိသိမ်းဆည်းရမိခဲ့ ပါတယ်။ သူ့ကို ဖမ်းဆီးမိပြီးနောက် အကြမ်းဖက်မှုစုံစမ်းစစ်ဆေးမှုစတင်စဉ်မှာ သူက ဝန်ခံခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်က ဆိုပါတယ်။

ကာဇက်စတန်ဟာ ဆိုဗီယက်သမ္မတနိုင်ငံဟောင်းတစ်ခုဖြစ်ပြီး အလယ်အာရှမှာ အချမ်းသာဆုံးနိုင်ငံဖြစ်ပါတယ်။ ဇန်နဝါရီ လဆန်းပိုင်းက လောင်စာဆီဈေးတက်မှုကြောင့် ငြိမ်းချမ်းစွာဆန္ဒပြနေတုန်း အကြမ်းဖက်မှုတွေဖြစ်ပြီး သွေးထွက်သံယိုမှု နှင့် လုယက်မှုတွေဖြစ်ခဲ့ရပါတယ်။

အဲဒီအကြမ်းဖက်မှုကို အကြမ်းဖက်အုပ်စုတွေရဲ့လက်ချက်လို့ ကာဇက်စတန်ကပြောပြီး နိုင်ငံခြားမီဒီယာတွေရဲ့ သတင်းဖော်ပြချက်တွေကို ဝေဖန်ခဲ့ပါတယ်။

Source AFP