#WorldHealth
Published - 03 April 2022
လက်ရှိကိုဗစ်ရောဂါစစ်ဆေးရာမှာအသုံးပြုနေကြတဲ့ antigen test တွေထက် ပိုမိုထိရောက်စိတ်ချရတဲ့အပြင် ဈေးနှုန်းသက်သာတဲ့ ကိုဗစ်စမ်းသပ်နည်းပစ္စည်းအသစ်ကို တရုတ်သိပ္ပံပညာရှင်များ ထုတ်လုပ်ခဲ့ကြပြီဖြစ်ကြောင်း ဖော်ပြလိုက်ပါတယ်။

အလွန်ကူးစက်မြန်တဲ့အိုမီခရွန်မျိုးဗီဇကွဲ ပျံ့နှံ့နေတဲ့အချိန်မှာ ထိရောက်တဲ့ကိုဗစ်စမ်းသပ်နည်းအစီအစဉ်တွေလည်း ပိုမိုလိုအပ်လာပါတယ်။ အိမ်တွေမှာအသုံးပြုလေ့ရှိတဲ့ antigen test တွေဟာ ရောဂါစစ်ဆေးမှုမှာ ၈၁ ရာခိုင်နှုန်းမှန်ကန်ထိရောက်မှုရှိပါတယ်။

ဒါပေမဲ့ ဒီစစ်ဆေးနည်းတွေဟာ ဗိုင်းရပ်စ်ပမာဏများစွာပါဝင်တဲ့နမူနာကို စစ်ဆေးမိမှသာတွေ့ရှိနိုင်တာဖြစ်ပြီး ရောဂါလက္ခဏာမပေါ်တဲ့ကူးစက်မှုတွေမှာဆိုရင် အဖြေမမှန်ကန်ဘဲရှိနေတတ်ကြောင်း ဆေးသုတေသနဆိုင်ရာဝူဟန်တက္ကသိုလ်မှ'ယင်ဟောင်'က ပြောကြားလိုက်ပါတယ်။

အခု သုတေသီများထုတ်လုပ်လိုက်တဲ့ ကိုဗစ်စစ်ဆေးနည်းအသစ်ကို sPAMC လို့ခေါ်ပြီး စမ်းသပ်မှုအဖြေတိကျမှုနှုန်း ၉၄.၂ ရာခိုင်နှုန်းရှိကြောင်း Nature Biomedical Engineering ဂျာနယ်မှာ ဖော်ပြထားပါတယ်။

သုတေသီများစမ်းသပ်ကြရာမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးရှိနေတဲ့လူပေါင်း ၁၀၄ ဦးထဲက ၉၈ ဦးကို အချိန်မိနစ် ၂၀ အတွင်းတိကျစွာတွေ့ရှိခဲ့ပါတယ်။ ဒီစစ်ဆေးနည်းကိုပြုလုပ်ဖို့ ဈေးကြီးပစ္စည်းကိရိယာများမလိုအပ်သလို PCR test ကျွမ်းကျင်သူတွေလည်း မလိုအပ်ပါဘူး။
မြန်ဆန်ထိရောက်တဲ့ စမ်းသပ်နည်းအသစ်က ရောဂါကူးစက်မှုဖြစ်ပွားတဲ့နေရာတွေမှာ ရောဂါထိန်းချုပ်ဖို့ကူညီပေးနိုင်မှာဖြစ်ပါတယ်။

ဒီစစ်ဆေးနည်းကိုလက်တွေ့အသုံးပြုဖို့ ခွင့်ပြုချက်ရယူတဲ့နေရာမှာ အချိန် ၉ လကနေ ၁ နှစ်လောက်ကြာမြင့်နိုင်ကြောင်း 'ယင်ဟောင်'က ခန့်မှန်းထားပါတယ်။

sPAMC ရောဂါစစ်ဆေးနည်းပစ္စည်းရဲ့ကုန်ကျစရိတ်က ဘယ်လောက်လဲဆိုတာကို အတိအကျသတ်မှတ်လို့ မရသေးဘဲ ကုန်ကြမ်းပစ္စည်းရရှိမှုနဲ့ အရည်အသွေးထိန်းချုပ်ရေးတို့ပေါ်မှာမူတည်နေပြီး 'ယင်ဟောင်'ရဲ့ပြောကြားချက်အရ ရထားဘူတာတွေနဲ့ လေဆိပ်တွေမှာအသုံးပြုလို့ရနိုင်မယ်လို့ မျှော်လင့်နိုင်ပါတယ်။
Source: South China Morning Post