#WorldHealth
Published - 29 March 2022
ကိုဗစ်ကပ်ရောဂါပထမဆုံးနှစ်အတွင်း ရောဂါကူးစက်ခံခဲ့ရတဲ့သူသုံးပုံတစ်ပုံနီးပါးခန့်ဟာ ခြေလက် အာရုံကြောရောဂါများခံစားနေရကြောင်း ဝါရှင်တန်တက္ကသိုလ်မှာစမ်းသပ်ခဲ့တဲ့လေ့လာမှုကို ဖော်ပြခဲ့ပါတယ်။

ရက် ၉၀ အတွင်း ဝါရှင်တန်တက္ကသိုလ်ဝင်းကြီးထဲမှာ ကိုဗစ်စစ်ဆေးခဲ့တဲ့လူတွေကို သုတေသနပြုလေ့လာခဲ့ကြတာဖြစ်ပြီး PAIN ဂျာနယ်မှာဖော်ပြခဲ့တာဖြစ်ပါတယ်။
ဒီရောဂါဟာ ခြေလက်တွေက အာရုံကြောတွေကိုထိခိုက်ကာ ထုံကျင်ခြင်း၊ နာကျင်ခြင်း၊ အားနည်းခြင်းတို့ ဖြစ်ပေါ်လာပြီး ခဏတာခံစားရခြင်းဖြစ်နိုင်သလို ရေရှည်ခံစားရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

စမ်းသပ်မှုမှာပါဝင်တဲ့ လူပေါင်း ၁,၅၅၆ ဦးထဲမှာ ရောဂါပိုးတွေ့ရှိခဲ့တဲ့လူတွေကို လေ့လာမယ့်အဖွဲ့ အဖြစ်သတ်မှတ်ပြီး ရောဂါပိုးမတွေ့တဲ့သူတွေကိုတော့ အနှိင်းယှဉ်ခံအဖွဲ့ ထဲသတ်မှတ်ခဲ့ကာ ၁:၂ အချိုးအရေအတွက်ရှိခဲ့တာဖြစ်ပါတယ်။

ရောဂါပိုးတွေ့ရှိထားတဲ့သူတွေခံစားရတဲ့ အာရုံကြောဝေဒနာဟာ နောက်ဆက်တွဲလက္ခဏာ ၁၆ မျိုးထဲကတစ်ခုဖြစ်ကာ ရောဂါကူးစက်ပြီး ၂ ပတ်အတွင်းပေါ်ပေါက်လာနိုင်ပြီး ရက် ၉၀ အထိ ခံစားရနေနိုင်ပါတယ်။

"HIV နဲ့ ရေယုန်တို့ လို ဗိုင်းရပ်စ်ရောဂါအများအပြားဟာ အာရုံကြောတွေကိုထိခိုက်နိုင်တာကြောင့် ခြေလက်အာရုံကြောဝေဒနာများခံစားရတတ်ပါတယ်။ ကိုဗစ်ရောဂါပိုးရှိတဲ့လူနာတွေထဲက ၃၀ ရာခိုင်နှုန်းလောက်ဟာ ရောဂါပိုးတွေ့ရှိတဲ့အချိန်မှာပဲ အာရုံကြောဝေဒနာတွေခံစားနေရပြီဖြစ်ပါတယ်။ ဒီဗိုင်းရပ်စ်က ခြေလက်အာရုံကြောတွေအပေါ် နောက်ဆက်တွဲဆိုးကျိုးများဖြစ်ပေါ်လာနိုင်ပြီး အနည်းဆုံး ၂ ပတ်မှ ၃ လလောက်အထိ ကြာမြင့်တတ်ပါတယ်" လို့ ဝါရှင်တန်တက္ကသိုလ်ဆေးသုတေသနပညာရှင်ကြီး 'ဆိုင်မွန်ဟာရူတူနီယန်'က ပြောကြားလိုက်ပါတယ်။

"ဗိုင်းရပ်စ်ကူးစက်ခြင်းတစ်ခုက အာရုံကြောရောဂါဖြစ်နိုင်သလားဆိုတာကို နားလည်သဘောပေါက်ထားဖို့ အရေးကြီးပါတယ်။ HIV တုန်းကဆိုရင် ရောဂါတွေစဖြစ်တုန်းက အာရုံကြောတွေပါထိခိုက်နိုင်တယ်ဆိုတာကို အတော်ကြာတဲ့အထိ မသိရှိခဲ့ကြပါဘူး။ လူနာတွေအနေနဲ့ အာရုံကြောဝေဒနာခံစားရတာကို မသိခဲ့ကြသလို ကုသခြင်းမခံခဲ့ရပါဘူး" လို့ ဆိုပါတယ်။

ဒီစမ်းသပ်မှုကို တစ်နေရာတည်းမှာပဲပြုလုပ်ခဲ့တာကြောင့် ယုံကြည်စိတ်ချရတဲ့အချက်အလက်ရရှိဖို့ နောက်ထပ်လေ့လာမှုတွေလုပ်ရဦးမှာဖြစ်ပါတယ်။
Source: The Jerusalem Post