#WorldHealth
Published - 27 March 2022
ခန္ဓာကိုယ်အစိတ်အပိုင်းနေရာအနှံသို့ ပျံ့နှံ့ သွားနိုင်တဲ့ ဆီးကျိတ်ကင်ဆာရောဂါခံစားနေရတဲ့လူနာတွေမှာ နိုဗာတစ်(Novartis)ကုမ္ပဏီရဲ့ ကုသနည်းကိုအသုံးပြုဖို့ အမေရိကန်အစားအစာနဲ့ဆေးဝါးကွပ်ကဲရေး(FDA)အဖွဲ့ က အသိအမှတ်ပြုလိုက်ပြီဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့ကကြေညာလိုက်ပါတယ်။

နိုဗာတစ်ရဲ့ ပလူဗစ်တို(Pluvicto)ကုသနည်းဟာ အရွယ်ရောက်ပြီးအမျိုးသားတွေမှာ ရေဒီယိုသတ္တိကြွနည်းပညာဖြင့်ပစ်မှတ်ထားကုသတာဖြစ်ပြီး အခြားကင်ဆာကုသနည်းများပြုလုပ်ထားပြီးသား လူနာတွေမှာ အသုံးပြုလေ့ရှိပါတယ်။

၂၀၁၈ ခုနှစ်က အင်ဒိုဆိုက်(Endocyte)ကင်ဆာ ဆေးထုတ်လုပ်ရေးကုမ္ပဏီမှ ဒေါ်လာ ၂.၁ ဘီလီယံဖိုးဝယ်ယူခဲ့စဉ်က အစိတ်အပိုင်းတစ်ခုအနေနဲ့ ဆီးကျိတ်ကင်ဆာကုသနည်းကို ဝယ်ယူရရှိခဲ့တာဖြစ်ပါတယ်။

ပလူဗစ်တိုကုသနည်းဟာ ပစ်မှတ်ထားနိုင်တဲ့လိုင်ဂန်(ligand)မော်လီကျူးနဲ့ ကင်ဆာဆဲလ်တွေကိုသတ်ပစ်နိုင်တဲ့ ရေဒီယိုသတ္တိကြွအမှုန်လေးတွေကို ပေါင်းစပ်ထားပြီး အလွန်တိကျပြတ်သားစွာပစ်မှတ်ထားကုသပေးနိုင်ကြောင်း နိုဗာတစ်ကုမ္ပဏီကပြောကြားခဲ့ပါတယ်။

ပလူဗစ်တိုကုသနည်းကို ဈေးကွက်ထဲဖြန့်ချိကြော်ငြာရန် အသိအမှတ်ပြုခွင့်ရဖို့ ဥရောပဆေးဝါးအေဂျင်စီနဲ့ အခြားကျန်းမာရေးအာဏာပိုင်များထံ တင်ပြထားပါတယ်။

ဆီးကျိတ်ကင်ဆာကနေ အခြားအစိတ်အပိုင်းများကိုပျံ့နှံ့ရာမှာ အစောပိုင်းကုသနိုင်ဖို့ ပလူဗစ်တို နောက်ပိုင်းအဆင့်စမ်းသပ်လေ့လာမှုနှစ်ခုကိုလည်း ဆောင်ရွက်နေပြီဖြစ်တယ်လို့ နိုဗာတစ်မှပြောကြားသွားပါတယ်။
Source: Reuters