#WorldHealth
Published - 27 March 2022
နောက်လာမယ့် ၂ နှစ်အတွင်း အိုမီခရွန်ထက်ပိုမိုဆိုးရွားနိုင်တဲ့ ကိုဗစ်မျိုးဗီဇကွဲအသစ်တစ်မျိုး ပေါ်ထွက်လာနိုင်ချေများကြောင်း အင်္ဂလန်ဆေးဘက်ဆိုင်ရာအရာရှိချုပ်'ဆာခရစ္စဝစ်တီ'က သတိပေးလိုက်ပါတယ်။

ကပ်ရောဂါနောက်တစ်ဆင့်အကြောင်း သုံးသပ်ပြောဆိုခဲ့ရာမှာ လော့ဒေါင်းချခြင်းတွေ ထပ်မံပြုလုပ်ရဖွယ်ရှိနေပါတယ်လို့ ပြောဆိုလိုက်ပါတယ်။

ပြည်သူ့ကျန်းမာရေးကွန်ဖရင့်မှာ 'ဆာခရစ္စ'ကပြောကြားရာမှာ ဗိုင်းရပ်စ်ကထပ်မံထွက်ပေါ်လာဖွယ်ရှိကြောင်း၊ တုပ်ကွေးရောဂါနဲ့ သေဆုံးမှုနှုန်းအတူတူနီးပါးဖြစ်နေပြီး လက်ကျန်ဘဝတလျှောက်လုံး ဒီဗိုင်းရပ်စ်ရှိနေမှာဖြစ်ကြောင်း ဆိုပါတယ်။

ဒီထက်ပိုပြီးအန္တရာယ်များတဲ့ မျိုးဗီဇကွဲပေါ်ပေါက်လာရင် လူမှုနေထိုင်ရေးဘဝတွေကိုပါထိခိုက်လာနိုင်ပါတယ်။ လက်ရှိမျိုးဗီဇကွဲက အသေးအဖွဲမျှသာဖြစ်ပြီး နောက်ထပ်ပေါ်ထွက်လာနိုင်တဲ့မျိုးဗီဇကွဲက အိုမီခရွန်ထက် ပိုမိုဆိုးရွားလာနိုင်ပါတယ်။

ဒါပေမဲ့ အခြားပညာရှင်တွေကတော့ ကပ်ရောဂါအဆိုးရွားဆုံးနေ့ရက်တွေ ကုန်ဆုံးသွားပြီဖြစ်ပြီး အချိန်ကြာလာတာနဲ့အမျှ အအေးမိဖျားနာဗိုင်းရပ်စ်အဖြစ် ကူးပြောင်းလာပြီလို့ ယူဆထားကြပါတယ်။

နိုဝင်ဘာလမှာ စတင်ပျံ့ပွားခဲ့တဲ့အိုမီခရွန်ဟာ ကပ်ရောဂါကာလအတွင်း ကူးစက်မှုအများဆုံးဖြစ်ပွားခဲ့ပါတယ်။ ဗြိတိန်ဝန်ကြီးချုပ်'ဘိုရစ်ဂျွန်ဆန်'က အရန်အစီအစဉ်ကိုစတင်နေပြီဖြစ်ပြီး နေအိမ်မှအလုပ်လုပ်ခြင်း၊ လူအများကြား နှာခေါင်းစည်းတပ်ဆင်ခြင်း၊ အားမြှင့်ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်တွေပါဝင်ပါတယ်။

ရောဂါခုခံအားတွေမြင့်မားနေပြီဖြစ်ပြီး ရောဂါမပြင်းထန်တဲ့မျိုးဗီဇကွဲကြောင့် ဗိုင်းရပ်စ်ကိုထိရောက်စွာကာကွယ်ထားနိုင်ပြီဖြစ်ပါတယ်။ ကိုဗစ်ကပ်ရောဂါက ဒေသတွင်းကူးစက်မှုရောဂါအဖြစ် ဘယ်အချိန်သတ်မှတ်လို့ရမှာလဲ မေးရာမှာတော့ ဗိုင်းရပ်စ်က တဖြည်းဖြည်းနဲ့ကူးစက်မှုနှုန်းနည်းလာမှာဖြစ်ကြောင်း 'ဆာခရစ္စ'က ဖြေကြားခဲ့ပါတယ်။

ယူကေမှာ နောက် ၂ နှစ် ၃ နှစ်အတွင်း မျိုးဗီဇကွဲအသစ်တွေကြောင့် ကူးစက်မှုလှိုင်းတွေ ရံဖန်ရံခါဖြစ်ပေါ်လာနိုင်ကြောင်းလည်း ပြောပြသွားပါတယ်။ ယူကေရှိ ကလေးတွေ၊ လူကြီးတွေမှာ ကာကွယ်ဆေးထိုးနှံမှုနှုန်းမြင့်မားနေပြီး ရောဂါကူးစက်မှု မှရတဲ့ခုခံအားတွေကြောင့် ခန္ဓာကိုယ်ခုခံအားမြင့်မားလျက်ရှိပါတယ်။

နောက်ထပ်ထွက်ပေါ်နိုင်တဲ့မျိုးဗီဇကွဲက လူ ၃ ယောက်မှာ ၁ ယောက်သေဆုံးမှုနှုန်းအထိ ရှိလာနိုင်တယ်လို့လည်း ဆိုနေကြပါတယ်။ ဗိုင်းရပ်စ်က တဖြည်းဖြည်းပျောက်ကွယ်သွားမယ်ဆိုတာ မယုံကြည်ထားကြောင်း အီဒင်ဘာ့ဂ်တက္ကသိုလ်မှ ပြည်သူ့ကျန်းမာရေးပညာရှင် ပရော်ဖက်ဆာ'ဒက်ဗီဆရီဒါ'က အစည်းအဝေးပွဲမှာ ပြောကြားခဲ့ပါတယ်။
Source: DailyMail