#WorldHealth
Published - 20 March 2022
ကိုဗစ်ရောဂါကို အလွန်ထိရောက်စွာကုသပေးနိုင်ပြီး ဖိုင်ဇာကုမ္ပဏီမှထုတ်လုပ်တဲ့ ပက်ဇ်လိုဗစ်(Paxlovid) ကိုဗစ်ကုသရေးသောက်ဆေးကို ကမ္ဘာအနှံ့အပြားရှိ ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ ၃၅ ခုက ဈေးသက်သာစွာဖြင့် ထုတ်လုပ်ရောင်းချသွားမှာဖြစ်ပါတယ်။

အဲဒီနောက် ဆင်းရဲနွမ်းပါးတဲ့နိုင်ငံ ၉၅ နိုင်ငံမှာ အဆိုပါဆေးဝါးများကို ပေးပိုထောက်ပံ့သွားမှာဖြစ်ကြောင်း တစ်ကမ္ဘာလုံးဆေးဝါးကုသမှုရရှိရေးအဖွဲအစည်း(MPP)က ကြာသပတေးနေ့က အတည်ပြုလိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ်က ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီတွေကနေ ဆင်းရဲနွမ်းပါးတဲ့နိုင်ငံ ၉၅ နိုင်ငံအတွက် ဆေးဝါးများထုတ်လုပ်ပေးဖို့ ဖိုင်ဇာက သဘောတူညီခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ဖိုင်ဇာမှထုတ်လုပ်ခွင့်ပေးမယ့် ဆေးဝါးကုမ္ပဏီများကို ရွေးချယ်နေခဲ့ကြပါတယ်။

လက်တွေ့စမ်းသပ်ချက်များအရ ပက်ဇ်လိုဗစ်ဆေးဟာ ဆေးရုံတက်ကုသခံယူရမှုနှုန်းကို ၉၀ ရာခိုင်နှုန်းခန့်လျှော့ချပေးနိုင်တာကြောင့် ကိုဗစ်ရောဂါကိုတိုက်ဖျက်ရာမှာ အရေးကြီးတဲ့အစိတ်အပိုင်းအဖြစ် မျှော်လင့်နေကြပါတယ်။ စမ်းသပ်ချက်များအရ Merck ကုမ္ပဏီကထုတ်လုပ်တဲ့ မော်နျူပီရာဗီယာ(Molunupiravir)ဆေးထက် ပက်ဇ်လိုဗစ်က များစွာထိရောက်မှုရှိခဲ့ပါတယ်။

ဖိုင်ဇာနဲ့ Merck တို့ဟာ သူတို့ရဲ့ဆေးတွေကို အခြားဆေးဝါးကုမ္ပဏီတွေကနေ ထုတ်လုပ်ခွင့်ပေးဖို့ MPP နဲ့ သဘောတူညီထားကြပါတယ်။ Merck ကုမ္ပဏီရဲ့ဆေးထုတ်လုပ်ပုံကို MPP ခွင့်ပြုချက်ဖြင့် ဆေးဝါးကုမ္ပဏီပေါင်း ၁ ဒါဇင်လောက်က ဈေးနှုန်းသက်သာစွာနဲ့ နိုင်ငံအချို့မှာ ထုတ်လုပ်ပေးနေပြီဖြစ်ပါတယ်။

ဒါပေမဲ့ ယခုနှစ်ကုန်မတိုင်ခင်အထိတော့ ဆေးဝါးကုမ္ပဏီတွေအနေနဲ့ ပက်ဇ်လိုဗစ်ဆေးအမြောက်အများ ထုတ်လုပ်ဖို့တော့ မဖြစ်နိုင်သေးပါဘူး။ ပက်ဇ်လိုဗစ်ဆေးဝါးထုတ်လုပ်နည်းအတိုင်း ထုတ်လုပ်သွားမယ့်ကုမ္ပဏီတွေထဲမှာ နိုင်ငံ ၁၂ နိုင်ငံမှ ကုမ္ပဏီ ၃၅ ခုပါဝင်ပါတယ်။

အစ္စရေးလ်မှ Teva ဆေးဝါးထုတ်လုပ်ရေး၊ အိန္ဒိယမှ Sun ဆေးဝါးထုတ်လုပ်ရေး၊ အမေရိကန်မှ Viatris ဆေးဝါးကုမ္ပဏီတို့လို ကမ္ဘာ့အကြီးဆုံးဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီတွေ ပါဝင်ပါတယ်။

ကိုဗစ်ရောဂါကို တစ်ကမ္ဘာလုံးမှပြည်သူ့ကျန်းမာရေးပြဿနာလို့ WHO ကသတ်မှတ်ထားတဲ့အတွက် အခြားဆေးဝါးထုတ်လုပ်ရေးများမှ ရောင်းချရတဲ့အမြတ်ငွေကို ဖိုင်ဇာကရရှိမှာမဟုတ်ပါဘူး။

၂၀၂၂ အတွင်း တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ကိုဗစ်ကုသဆေးပေါင်း သန်း ၂၅၀ ထုတ်လုပ်ဖို့ ခန့်မှန်းခဲ့ကြပေမယ့် အခုနှစ်အတွင်း အနည်းဆုံး သန်း ၁၂၀ ထုတ်လုပ်ဖို့သာ စီစဉ်ထားကြောင်း ဖိုင်ဇာကပြောကြားလိုက်ပါတယ်။

ပက်ဇ်လိုဗစ်ဆေး ၁၀ သန်းခန့်ကို ဆင်းရဲတဲ့နိုင်ငံတွေမှာ ထောက်ပံ့ပေးနိုင်ဖို့ ဖိုင်ဇာကမျှော်လင့်ထားပါတယ်။
Source: The Jerusalem Post