Published 16 March 2022

ဆော်ဒီအာရေဗျနိုင်ငံဟာ တရုတ်ကို ရေနံရောင်းချရာမှာ အချို့ကို ယွမ်ငွေနှင့်ရောင်းချပေးဖို့ ဆွေးနွေးနေကြတယ်လို့ အဲဒီ ကိစ္စနှင့်ရင်းနှီးကျွမ်းဝင်သူတွေကပြောတဲ့အကြောင်း ဝေါစထရိဂျာနယ်က ရေးသားလိုက်ပါတယ်။ ဒီလိုလုပ်ဆောင်တာဟာ ကမ္ဘာ့ရေနံဈေးကွက်မှာ အမေရိကန်ဒေါ်လာကြီးစိုးထားမှုအပေါ် ပွန်းပဲ့ထိခိုက်မှုဖြစ်စေတဲ့အပြင် ကမ္ဘာ့ထိပ်တန်းရေနံစိမ်းတင် ပို့တဲ့နိုင်ငံအနေနှင့် အာရှနှင့်ပတ်သက်လို့ နောက်ထပ်အပြောင်းအလဲတစ်ခုလို့လည်း မှတ်ယူနိုင်မှာဖြစ်ပါတယ်။

ယွမ်နှင့်ရေနံဝယ်ဖို့ကိစ္စ ပြောဆိုနေတာဟာ ခြောက်နှစ်တာအတွင်း ပြောလိုက် ရပ်လိုက်ဖြစ်နေခဲ့တာပါ။ ဒါပေမယ့် အမေရိကန်ရဲ့ ဆယ်စုနှစ်များကြာအထိရှိနေတဲ့ ဆော်ဒီအာရေဗျကို ခုခံကာကွယ်ရန်လုံခြုံရေးကကတိကဝတ်အပေါ် ဆော်ဒီက မကျေနပ်မှုတွေပိုမိုကြီးထွားလာနေတဲ့အလျောက် ယွမ်နှင့်ပေးချေတဲ့ကိစ္စကို ယခုနှစ်ပိုင်းအတွင်း အရှိန်မြှင့်ဆောင်ရွက်လာခဲ့ ပါတယ်။

ယီမင်ရဲ့ပြည်တွင်းစစ်မှာ သူတို့ရဲ့ဝင်ရောက်စွက်ဖက်မှုကို အမေရိကန်က ထောက်ခံအားပေးမှုမရှိခြင်းနှင့် နျူကလီးယား အစီအစဉ်နှင့်ပတ်သက်လို့ ဘိုင်ဒင်အစိုးရက အီရန်နှင့် အပေးအယူလုပ်ဖို့ကြိုးစားလာခြင်းတို့ အပေါ် ဆော်ဒီဟာ စိတ်ဆိုးမာန်ဆိုးဖြစ်ခဲ့ပါတယ်။မနှစ်က အာဖဂန်နစ္စတန်ကနေ အမေရိကန်တွေ ရုတ်တရက်ဆုတ်ခွာလိုက်တဲ့အပေါ်မှာလည်း ထိတ်လန့်မိတယ်လို့‌ ဆော်ဓီအရာရှိတွေက ပြောဆိုထားပါတယ်။

တရုတ်နိုင်ငံဟာ ဆော်ဒီရဲ့ ရေနံတင်ပို့မှုအားလုံးရဲ့ ၂၅ရာခိုင်နှုန်းကို ဝယ်ယူနေပါတယ်။ အကယ်၍ ယွမ်နှင့်ဈေးနှုန်းသတ်မှတ် ရောင်းချမယ်ဆိုရင် အဲဒီအရောင်းဟာ တရုတ်ငွေကြေးရဲ့ရပ်တည်မှုအခြေအနေကို တိုးမြှင့်ပေးနိုင်ပါလိမ့်မယ်။အဲဒီအပြင် ယွမ်ကိုအခြေတည်တဲ့ ပက်ထရိုယွမ်(ရေနံယွမ်)လို့သိကြတဲ့ အနာဂတ်ကန်ထရိုက်လုပ်ငန်းကိုပါ ဆော်ဒီအာရေဗျ ရေနံကုမ္ပဏီ   (Aramco)က သူတို့ရဲ့ ဈေးနှုန်းပုံစံထဲ ထည့်စဉ်းစားနေတယ်လို့ဆော်ဒီကပြောပါတယ်။

ကမ္ဘာ့ရေနံတွေရဲ့ ၈၀ရာခိုင်နှုန်းကို ဒေါ်လာနဲ့အရောင်းအဝယ်လုပ်နေကြတာပါ။ ၁၉၇၄ခုနှစ်တုန်းက နစ်ဆင်လက်ထက်မှာ ဆော်ဒီရဲ့လုံခြုံရေးအာမခံချက်အပေးအယူနှင့် ရေနံတွေကို ဒေါ်လာနှင့်သာရောင်းချဖို့ ဆော်ဒီက သဘောတူခဲ့တာဖြစ်ပါတယ်။

တရုတ်ဟာ ယွမ်နှင့်ဈေးနှုန်းသတ်မှတ်တဲ့ ရေနံကန်ထရိုက်တွေကို ၂၀၁၈ခုနှစ်ကတည်းက စတင်လုပ်ဆောင်ခဲ့ပေမယ့် ရေနံဈေးကွက်မှာ ဒေါ်လာကြီးစိုးနေတာကို ပွန်းပဲ့သွားအောင်တော့ မလုပ်နိုင်သေးပါဘူး။ အမေရိကန်ရဲ့ အီရန်နူကလီးယား အစီအစဉ်အပေါ် အရေးယူဒဏ်ခတ်မှုနှင့် ယူကရိန်းကိစ္စ ရုရှားကိုတုန့်ပြန်မှုတွေကြောင့် ဒေါ်လာအသုံးပြုတာတွေအပေါ် တရုတ်က အန္တရာယ်လို့မြင်လာခဲ့တာဖြစ်ပါတယ်။

တရုတ်ဟာ ဆော်ဒီနှင့် ချစ်ကြည်ရင်းနှီးမှုတွေကို ယခုနှစ်ပိုင်းတွင်း တိုးမြှင့်လာခဲ့ပါတယ်။ ဆော်ဒီရဲ့ ကိုယ်ပိုင်ဒုံးကျည်တွေ တည်ဆောက်ရာမှာ တရုတ်က ကူညီခဲ့ပါတယ်။ဆော်ဒီရဲ့ နျူကလီးယာအစီအစဉ်မှာ အကြံပေးခဲ့ပါတယ်။ ဆော်ဒီအိမ်ရှေ့ မင်းသား မိုဟာမက်ဘင် ဆာလ်မန်ရဲ့ သူ့အကြိုက်စီမံကိန်းဖြစ်တဲ့ Neom လို အနာဂတ်မြို့သစ်စီမံကိန်းတွေမှာ တရုတ်က ရင်းနှီးမြှပ်နှံမှုတွေစတင်လုပ်ဆောင်နေပါတယ်။ ဒီနှစ်နှောင်းပိုင်းမှာ တရုတ်သမ္မတရှီကျင့်ဖျင်ကို လာလည်ဖို့ ဆော်ဒီက ဖိတ်ကြားထားပါတယ်။

တစ်ပြိုင်နက်တည်းမှာပဲ ဆော်ဒီနှင့် ဘိုင်ဒင်အစိုးရတို့ရဲ့ ဆက်ဆံရေးဟာ ဆိုးရွားလာနေပါတယ်။ ၂၀၁၈ခုနှစ်မှာ ဆော်ဒီသတင်းစာဆရာ ဂျာမဲလ်ခါရှိုဂျီအသတ်ခံရတဲ့ကိစ္စအတွက် ဆော်ဒီဟာ အပယ်ခံနိုင်ငံဖြစ်သင့်တယ်လို့ ဘိုင်ဒင်က ၂၀၂၀ ရွေးကောက်ပွဲမဲဆွယ်စဉ်ကပြောခဲ့ပါတယ်။ အဲဒီသတ်ဖြတ်မှုကို ဆော်ဒီမင်းသား မိုဟာမက်က အမိန့်ပေးခဲ့တာလို့ အမေရိကန် ထောက်လှမ်းရေးအာဏာပိုင်တွေက ပြောခဲ့ပါတယ်။ပြီးခဲ့တဲ့လက ဘိုင်ဒင်နှင့် ဆော်ဒီဘုရင်ဆာလ်မန်တို့ ပြောဆိုကြရမှာ အတူပါဖို့ အိမ်ရှေ့မင်းသားက ငြင်းဆန်ခဲ့ပါတယ်။

Source WSJ