#WorldHealth
Published - 16 March 2022


ကနေဒါနိုင်ငံ ဟာမီလ်တန်ရှိ မက်မာစတာတက္ကသိုလ်မှ ရူပဗေဒပညာရှင်များ၊ ဓာတုဗေဒပညာရှင်များနဲ့ ရောဂါခုခံအားဆိုင်ရာ ပညာရှင်များစုပေါင်းစမ်းသပ်မှုပြုလုပ်ခဲ့ရာ သွေးနီဥများကို ဗိုင်းရပ်စ်အမှုန်နဲ့ပေါင်းစည်းစေခြင်းဖြင့် SARS-CoV-2 ကိုခုခံကာကွယ်နိုင်မယ့် ရောဂါခုခံအားထွက်ရှိစေကြောင်း တွေ့ရှိခဲ့ကြပါတယ်။

ဒီနည်းလမ်းအသစ်ကို ပညာရှင်တွေအချင်းချင်းလေ့လာသုံးသပ်ပြီးပြီဖြစ်ပြီး ကာကွယ်ဆေးထိုးနိုင်မယ့်နည်းလမ်းအသစ် ဖြစ်လာနိုင်ပါတယ်။

ကြွက်တွေနဲ့စမ်းသပ်ရာမှာ သွေးနီဥအမြှေးပါးတွေကို SARS-CoV-2 စပိုက်ခ်ပရိုတိန်းထဲမှာထည့်သွင်းကာ ဗိုင်းရပ်စ်လိုအမှုန်လေးတွေဖြစ်ပေါ်လာစေပြီး ကိုယ်ခံအားစနစ်ကိုလှုံ့ဆော်ပေးခြင်းဖြင့် ပဋိပစ္စည်း(antibody)များထွက်ရှိစေပါတယ်။

လက်ရှိအသုံးပြုနေတဲ့ကာကွယ်ဆေးတွေက ရောဂါခုခံအားစနစ်အပြင်းအထန်လှုံ့ဆော်စေပြီး အချိန်ခဏသာတာရှည်ခံကြောင်း မက်မာစတာတက္ကသိုလ် ရူပဗေဒနဲ့နက္ခတ္တဗေဒဌာနမှ ပရော်ဖက်ဆာ'မိုက်ကယ်ရိုင်းစတက်ဒါ'က ဆိုပါတယ်။

စမ်းသပ်ချက်များအရ ဆဲလ်တွေကိုဗိုင်းရပ်စ်ပရိုတိန်းအများအပြားဖြင့် ပေါင်းစပ်လိုက်ပေမယ့် ဘေးထွက်ဆိုးကျိုးအနည်းငယ်သာရှိပြီး အခြားကာကွယ်ဆေးအမျိုးအစားတွေထက် ပိုမိုထိရောက်တာရှည်ခံနိုင်မှာဖြစ်ပါတယ်။

အဆိုပါနည်းလမ်းဟာ မျိုးရိုးဗီဇပစ္စည်းတွေကိုအသုံးပြုခြင်းမရှိဘဲ ခုခံအားထွက်ရှိစေတာဖြစ်ပါတယ်။'ရိုင်းစတက်ဒါ'နဲ့တပည့်တွေဟာ သွေးနီဥတွေကိုပြုပြင်ပြောင်းလဲကာ ကင်ဆာ၊ အယ်လ်ဇိုင်းမားရောဂါတွေလို ရောဂါဆိုးကြီးတွေကိုပစ်မှတ်ထားတဲ့ဆေးတွေ စမ်းသပ်ပြီးနောက် ဒီနည်းလမ်းအတိုင်းစမ်းသပ်ခဲ့ကြတာဖြစ်ပါတယ်။

"ဒီနည်းလမ်းက ကျွန်တော်တို့ရဲ့သွေးထဲရှိဆဲလ်တွေကို အဆင့်မြှင့်တင်ပေးပါတယ်။ ဒီကာကွယ်ဆေးက ခန္ဓာကိုယ်ထဲရှိ နာနိုရိုဘော့လိုဆဲလ်တွေကိုအသုံးချပြီး ရောဂါပိုးတစ်ခုခုဝင်ရောက်လာတဲ့အခါ တိုက်ခိုက်ပေးကြမှာဖြစ်ပါတယ်" လို့ 'ရိုင်းစတက်ဒါ'က ရှင်းပြသွားပါတယ်။
Source: The Jerusalem Post