#WorldHealth
Published - 15 March 2022
လူအယောက်များစွာရှိနေတဲ့လူအုပ်တွေထဲက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူတွေကိုရှာဖွေရာမှာ သေချာလေ့ကျင့်သင်ကြားပေးထားသောခွေးများက အကူအညီပေးနိုင်ကြောင်း သုတေသနအသစ်များအရ အထောက်အထားတွေ့ရှိထားပါတယ်။

ပဲရစ်မြို့ရှိ ရောဂါပိုးစစ်ဆေးရေးစင်တာ ၂ ခုမှာ စမ်းသပ်ခံတဲ့သူ ၃၃၅ ယောက်ဟာ ချွေးနမူနာများဖြင့် PCR test စမ်းသပ်ခဲ့ကြပါတယ်။ PCR စမ်းသပ်ချက်များအရ ရောဂါလက္ခဏာပေါ်သူ ၇၈ ယောက်နဲ့ လက္ခဏာမပေါ်သူ ၃၁ ယောက်တို့မှာ ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိခဲ့ပါတယ်။

သူတို့ရဲ့ချွေးနမူနာများကို ခွေးများဖြင့်အနံ့ခံရာမှာ ရောဂါကူးစက်ထားသူတွေကို ၉၇ ရာခိုင်နှုန်းတိကျတဲ့အထိ ရှာဖွေနိုင်ပြီး လက္ခဏာမပေါ်ဘဲရောဂါကူးစက်ထားသူတွေကို ရှာဖွေရာမှာ ၁၀၀ ရာခိုင်နှုန်းတိကျမှန်ကန်ကြောင်း medRxiv ဝက်ဘ်ဆိုက်မှာ အင်္ဂါနေ့ကဖော်ပြခဲ့ပါတယ်။

ရောဂါကူးစက်ခြင်းမရှိဘဲ မိမိဆန္ဒအလျောက်လာရောက်စမ်းသပ်သူတွေကို အနံ့ခံရှာဖွေခိုင်းရာမှာ ၉၁ ရာခိုင်နှုန်းတိကျမှုရှိပြီး လက္ခဏာမပေါ်ဘဲရောဂါပိုးကူးစက်ထားသူတွေကိုတော့ ၉၄ ရာခိုင်နှုန်းတိကျအောင် ရှာဖွေနိုင်ခဲ့ပါတယ်။

ခွေးတွေနဲ့ရှာဖွေစမ်းသပ်ခြင်းက လူ့ခန္ဓာကိုယ်ထဲပစ္စည်းထည့်စရာမလိုတဲ့အပြင် ထွက်ရှိလာတဲ့အဖြေက ယုံကြည်စိတ်ချရပြီးတိကျလျင်မြန်ကြောင်း၊ လေဆိပ် သင်္ဘောဆိပ် မီးရထားဘူတာ ပွဲလမ်းသဘင်နဲ့ အားကစားပွဲတွေက လူအုပ်ကြီးတွေကို ခွေးတွေနဲ့ ရောဂါပိုးအနံ့ခံစစ်ဆေးနိုင်ဖို့ အဓိကအာရုံစိုက်ပြီး ဆက်လက်လေ့လာသွားမှာဖြစ်ကြောင်း သုတေသီများက ပြောကြားလိုက်ပါတယ်။
Source: Reuters