#WorldMilitary
Published 14 March 2022

 

နေတိုး(NATO)အဖွဲ့ဝင် ပိုလန်နိုင်ငံနယ်စပ်အနီးရှိ ယူကရိန်းစစ်အခြေစိုက်စခန်းကြီးတစ်ခုကို ရုရှားတို့က တနင်္ဂနွေနေ့က ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၃၅ ဦးသေဆုံးပြီး ၁၃၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း ယူကရိန်းမှတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။
အခုဆိုရင်တိုက်ခိုက်မှုတွေက ယူကရိန်းနိုင်ငံအနောက်ပိုင်းအထိပါ ရောက်ရှိလာတာဖြစ်ပါတယ်။

 

လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ရာမှာ စစ်လေ့ကျင်းရေးစခန်းကြီးထဲက အခြားနိုင်ငံများမှထောက်ပံ့ထားတဲ့ လက်နက်အများအပြားကိုဖျက်ဆီးနိုင်ခဲ့ပြီး နိုင်ငံခြားကြေးစားစစ်သည် ၁၈၀ ဦးသေဆုံးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။

 

ရုရှားတို့တိုက်ခိုက်ခဲ့တဲ့ ယာဗိုရစ်ဗ်အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းလုံခြုံမှုထိန်းသိမ်းရေးဗဟိုဌာနဟာ ပိုလန်နယ်စပ်မှ ၂၅ ကီလိုမီတာသာကွာဝေးတဲ့ အခြေစိုက်စခန်းတစ်ခုဖြစ်ပြီး မကြာသေးမီကမှ နေတိုးစစ်သင်တန်းပို့ချသူတွေ ရှိနေခဲ့တဲ့နေရာဖြစ်ပါတယ်။

 

အဆိုပါအခြေစိုက်စခန်းကို တိုက်ခိုက်ခဲ့ခြင်းဟာ အနောက်တိုင်းမဟာမိတ်နိုင်ငံများပိုင်နက်နဲ့ အလွန်နီးကပ်လာတဲ့အနေအထားဖြစ်နေပါပြီ။

 

ယူကရိန်းနိုင်ငံဆီသို့ လက်နက်ထောက်ပံ့သယ်ဆောင်လာတဲ့ အနောက်နိုင်ငံတွေမှယာဉ်တန်းတွေကို တိုက်ပွဲပစ်မှတ်အဖြစ်သတ်မှတ်သွားမှာဖြစ်တယ်လို့ ရုရှားတို့က စနေနေ့ကသတိပေးလိုက်ပါတယ်။

 

ဒီတိုက်ခိုက်မှုကြောင့် အခြေအနေတင်းမာမှုများ သိသိသာသာမြင့်တက်လာနိုင်ကြောင်း ဗြိတိန်ကမှတ်ချက်ပြုလိုက်တဲ့အပြင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး'အန်တိုနီဘလင်ကန်'က တွစ်တာပေါ်မှာ "ရက်ရက်စက်စက်တိုက်ခိုက်ခြင်းတွေ ရပ်တန့်သင့်ပြီ"လို့ ရေးသားဖော်ပြထားပါတယ်။

 

နေတိုးအဖွဲ့ဝင်များရဲ့ပိုင်နက်ကို ထိပါးတိုက်ခိုက်လာရင် အင်ပြည့်အားပြည့်ဖြင့်တုန့်ပြန်လာမှာဖြစ်ကြောင်း အိမ်ဖြူတော်မှ နိုင်ငံတော်လုံခြုံရေးအကြံပေးအရာရှိ'ဂျိတ်ခ်ဆာလီဗန်'က သတိပေးခဲ့ပါတယ်။

 

ယာဗိုရစ်ဗ်စခန်းကြီးကို ရုရှားလေယာဉ်တွေက ဒုံးကျည် ၃၀ ခန့်ပစ်ခတ်သွားတယ်လို့ ယူကရိန်းမှ ဒေသတွင်းအုပ်ချုပ်ရေးမှူး'မက်ဆင်ကိုဇစ်စကီယီ'က အတည်ပြုလိုက်ပါတယ်။

 

ရုရှားတို့ရဲ့ တိကျသေချာတဲ့အဝေးပစ်လက်နက်များဖြင့် ယာဗိုရစ်ဗ်စခန်းနဲ့ စတယ်ရစ်ချီရွာမှနောက်ထပ်စခန်းတစ်ခုတို့ကို ပစ်ခတ်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ'အစ်ဂေါကိုနာရှန်ကော့ဗ်'က ပြောပြသွားပါတယ်။

 

အဆိုပါတိုက်ခိုက်မှုကြောင့် နိုင်ငံခြားကြေးစားစစ်သည်အယောက် ၁၈၀ သေဆုံးပြီး အခြားနိုင်ငံများမှ ထောက်ပံ့ပေးထားတဲ့ လက်နက်အများအပြားပျက်စီးသွားခဲ့ပါတယ်။

 

နိုင်ငံအနောက်ဘက်ပိုင်းမှာတည်ရှိတဲ့ ယာဗိုဗစ်ဗ်အခြေစိုက်စခန်းကြီးဟာ ၃၆၀ စတုရန်းကီလိုမီတာကျယ်ဝန်းပြီး ယူကရိန်းနိုင်ငံရဲ့ အကြီးမားဆုံးစစ်စခန်းကြီးဖြစ်ပါတယ်။

 

ယူကရိန်းအနောက်ပိုင်းဟာ အခုအချိန်ထိတော့ အခြားဒေသတွေလောက် စစ်ဒဏ်ခံရခြင်းမရှိသေးတဲ့ဒေသဖြစ်ပါတယ်။

 

ရုရှားတို့ ကျူးကျော်မှုမလုပ်ခင်အချိန်တုန်းက အဆိုပါစစ်စခန်းမှာ ယူကရိန်းနဲ့အနောက်တိုင်းနိုင်ငံများပူးပေါင်းကာ အဓိကစစ်ရေးလေ့ကျင့်မှုတွေပြုလုပ်ခဲ့ပြီး စက်တင်ဘာလက နောက်ဆုံးစစ်ရေးလေ့ကျင့်မှုတွေပြုလုပ်ခဲ့ပါတယ်။

 

ယူကရိန်းမီဒီယာများရဲ့ဖော်ပြချက်အရ ဖေဖော်ဝါရီလလယ်လောက်မှာ နိုင်ငံခြားမှစစ်သင်တန်းပို့ချသူများထွက်ခွာသွားခဲ့ပြီး ပစ္စည်းလက်နက်တွေတော့ ချန်ထားခဲ့ကြောင်း သိရှိရပါတယ်။

 

"ယခုတိုက်ခိုက်မှုကြောင့် စားသောက်ခန်းတွေ၊ အိပ်ဆောင်တွေ၊ စစ်တန်းလျားတွေ ဖျက်ဆီးခံလိုက်ရပါတယ်။ အရေးကြီးဆုံးကတော့ အခုအချိန်အထိအသက်ရှင်နေတာပါပဲ" လို့ ဗိုလ်မှူးကြီး'လီယိုနစ်ဘန်ဇယ်လို'က ရိုက်တာကိုပြောပြသွားပါတယ်။

 

အနောက်နိုင်ငံတွေက ယူကရိန်းကို လက်နက်များထောက်ပံ့လျက်ရှိပြီး ရုရှားကို ထိရောက်ပြင်းထန်တဲ့စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်ထားပါတယ်။

 

စစ်ရေးပဋိပက္ခအတွင်း နေတိုးအဖွဲ့ပါဝင်သွားမှာကို အမေရိကန်နဲ့မဟာမိတ်နိုင်ငံတွေက စိုးရိမ်ပူပန်နေကြပါတယ်။

 

ယူကရိန်းနိုင်ငံမှာ နေတိုးနဲ့သက်ဆိုင်တဲ့သူတစ်ဦးတစ်ယောက်မျှ မရှိဘူးလို့ နေတိုးအရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။

 

Source: Reuters
#Yangon_Media_Group