#WorldHealth
Published - 12 March 2022
အရေပြားအောက်သွေးကြောထိခိုက်ကာ ဖောထွက်ရောင်ကိုင်းခြင်းများအတွက် အသုံးပြုလေ့ရှိတဲ့ဆေးဟာ ဓာတ်ခွဲခန်စမ်းသပ်ချက်များအရ ကိုဗစ်ရောဂါကုသရာမှာထိရောက်မှုရှိကြောင်း သုတေသနပညာရှင်များက ပြောကြားလိုက်ပါတယ်။

ဂျပန်နိုင်ငံ တာကီဒါ(Takeda)ဆေးဝါးကုမ္ပဏီမှ Firazyr အမှတ်တံဆိပ်ဖြင့်ထုတ်လုပ်ရောင်းချတဲ့ Icatibant ဆေးဟာ bradykinin receptor b2 ပရိုတိန်းကို ပိတ်ဆို့တားဆီးပေးပါတယ်။

အဆိုပါပရိုတိန်းကို ဆဲလ်မျက်နှာပြင်များပေါ်ရှိ ACE2 ပရိုတိန်းတွေက ထိန်းညှိပေးထားတာဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ဝင်ရောက်လာနိုင်တဲ့နေရာဖြစ်ပါတယ်။

လတ်တလောကိုဗစ်ရောဂါကူးစက်ထားတဲ့လူနာတွေမှ နှာခေါင်းတွင်းဆဲလ်တွေကို လေ့လာဆန်းစစ်ကြည့်ရာမှာ Icatibant ဆေးပေးခြင်းဖြင့် bradykinin receptor b2 ပမာဏမြင့်တက်လာကာ ဗိုင်းရပ်စ်ပိုးဖြတ်သန်းလာနိုင်တဲ့ပရိုတိန်းကို တားဆီပေးပြီး အသက်ရှူလမ်းကြောင်းမှဆဲလ်တွေကို ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခြင်းမှ ကာကွယ်ပေးတာကို တွေ့ရှိခဲ့ကြပါတယ်။

Icatibant ဆေးက ဗိုင်းရပ်စ်ပမာဏကို ၉၀ ရာခိုင်နှုန်းကျော်လောက်အထိ လျော့နည်းစေပြီး SARS-CoV-2 ဗိုင်းရပ်စ်ကူးစက်ခြင်းကြောင့် အသက်ရှူလမ်းကြောင်းဆဲလ်တွေသေဆုံးခြင်းမှ ကာကွယ်ပေးနိုင်တာကို အံ့အားသင့်လောက်ဖွယ်ရာ တွေ့ရှိခဲ့ကြောင်း မြူးနစ်နည်းပညာတက္ကသိုလ်မှ'အဒမ်ချာကာ'က ပြောကြားလိုက်ပြီး မော်လီကျူးဆေးပညာဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။

Icatibant က ဇီဝဓာတုလမ်းကြောင်းအမျိုးမျိုးကို အသုံးပြုပြီး စတီးရွိက်တွေထက် အသက်ရှူလမ်းကြောင်းကို ပိုမိုကာကွယ်ပေးနိုင်တယ်လို့ ဖော်ပြခဲ့ကြပါတယ်။

ဓာတ်ခွဲခန်းစမ်းသပ်ချက်တွေအရ icatibant ဆေးတွေကို ကြိမ်ဖန်များစွာအသုံးပြုခြင်းကတော့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို လုံးဝရပ်တန့်စေနိုင်မှာမဟုတ်ပေမယ့် ရောဂါပြင်းထန်မှုကိုတော့ လျှော့ချပေးနိုင်ပါတယ်။

icatibant ဆေးအသုံးပြုခြင်းဖြင့် ကိုဗစ်ရောဂါလူနာတွေမှာ ကောင်းကျိုးတချို့ရရှိနိုင်မယ်လို့ အကြံပြုလာကြပါတယ်။ရောဂါပြင်းထန်နိုင်တဲ့လူနာတွေမှာ icatibant ဆေးပေးပြီး ရောဂါကူးစက်မှုအစောပိုင်းအချိန်အတွင်း ကုသပေးလို့ရမလားဆိုတာကို စမ်းသပ်လေ့လာသွားမှာဖြစ်ကြောင်း 'ချာကာ'ကပြောကြားခဲ့ပါတယ်။
Source: Reuters