#WorldPolitics
Published - 10 March 2022
တရုတ်နိုင်ငံနဲ့ ထိုင်ဝမ်ကျွန်းတိုကြား စစ်ပွဲဖြစ်ပွားလာပါက ဘယ်သူပဲနိုင်သည်ဖြစ်စေ ဝမ်းနည်းပူဆွေးနေကြရမှာဖြစ်ပြီး စစ်ရေးပဋိပက္ခဖြစ်ပွားခြင်းကို အတတ်နိုင်ဆုံးရှောင်ရှားနိုင်ခြင်းက အကောင်းဆုံးသာဖြစ်ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီး'ချူကောင်းချန်'က ကြာသပတေးနေ့မှာ သတင်းထောက်တွေကိုပြောကြားခဲ့ပါတယ်။

ယူကရိန်းနိုင်ငံအပေါ် ရုရှားတို့ကျူးကျော်ဝင်ရောက်ခြင်းနဲ့ပတ်သက်ပြီး လုံခြုံရေးဆိုင်ရာကိစ္စရပ်များအကြောင်းဆွေးနွေးမယ့် ပါလီမန်လွှတ်တော်အစည်းအဝေးမတိုင်ခင် ကာကွယ်ရေးဝန်ကြီးကအခုလို ပြောကြားသွားတာဖြစ်ပါတယ်။

တရုတ်နဲ့ထိုင်ဝမ်ကျွန်းတို့ကြား ပဋိပက္ခဖြစ်ပွားလာပါက နှစ်ဘက်စလုံးမှထိခိုက်ပေးဆပ်မှုတွေ ရှိလာမှာဖြစ်ကြောင်း၊ အနိုင်ရရှိတဲ့သူတောင် ဝမ်းနည်းပူဆွေးနေရမှာဖြစ်ကြောင်း 'ချူကောင်းချန်'က ဆိုပါတယ်။

တရုတ်တို့က ထိုင်ဝမ်ကျွန်းကိုပြန်လည်သိမ်းယူဖို့ လိုအပ်ပါကစစ်ရေးအင်အားပါ အသုံးပြုလာမယ်လို့ ကြုံးဝါးထားတာဖြစ်ပါတယ်။ယူကရိန်းမှာစစ်ပွဲဖြစ်ပွားနေကတည်းက ထိုင်ဝမ်တို့ကလည်း တရုတ်နိုင်ငံအပေါ် ပိုမိုသတိထားစောင့်ကြည့်လျက်ရှိပေမယ့် တရုတ်စစ်ရေးလှုပ်ရှားမှုတွေ ပုံမှန်မဟုတ်တာမျိုးမတွေ့ရကြောင်း သတင်းတင်ပို့ထားပါတယ်။
တရုတ်လေတပ်ကတော့ ထိုင်ဝမ်လေကြောင်းကာကွယ်ရေးသတ်မှတ်ဇုန်အတွင်း မကြာခဏဆက်လက်ဝင်ရောက်နေဆဲဖြစ်ပါတယ်။

ထိုင်ဝမ်မှ တရုတ်မူဝါဒဆိုင်ရာပြည်မကြီးရေးရာကောင်စီက ဗုဒ္ဓဟူးနေ့က ပါလီမန်အစည်းအဝေးမှာတင်ပြရာမှာ တရုတ်တို့က နှစ်ကုန်ပိုင်းအတွင်း အဓိကကွန်မြူနစ်ပါတီညီလာခံကို တည်ငြိမ်အေးချမ်းစွာပြုလုပ်နိုင်ဖို့ အလုပ်များနေကြရာ ထိုင်ဝမ်တို့နဲ့တင်းမာမှုများ ရုတ်တရက်မြင့်တက်လာပါတယ်။

ထိုင်ဝမ်စစ်ရေးဗျူဟာမှူးတွေက ယူကရိန်းအပေါ် ရုရှားတို့ကျူးကျော်တိုက်ခိုက်ခြင်းတွေကို လေ့လာကာ အိမ်နီးချင်းအင်အားကြီးတရုတ်တို့ တိုက်ခိုက်လာပါက ထိုင်ဝမ်ကျွန်းမှာ ကိုယ်ပိုင်နည်းဗျူဟာများဖြင့်ခုခံကာကွယ်နိုင်ဖို့ ကြိုးစားနေကြပါတယ်။

ရန်သူရုရှားဘက်က စစ်အင်အားကြီးမားလွန်းပြီး အခွင့်အရေးအသာမရနိုင်တဲ့ကြားက ယူကရိန်းတို့က ရုရှားတို့ရဲ့ကျူးကျော်စစ်ကို ထိထိရောက်ရောက်နှောင့်နှေးအောင် ပြုလုပ်ထားနိုင်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ကြာသပတေးနေ့က ပြောကြားထားပါတယ်။

ယူကရိန်းတို သူတို့ရဲ့ပင်မမြေပြင်ကြီးမှာ အရှိန်မြှင့်ခုခံတိုက်ခိုက်နိုင်ခြင်းကို ထိုင်ဝမ်စစ်တပ်ကအတုယူပြီး ထိုင်ဝမ်ရဲ့ကိုယ်ပိုင်နည်းဗျူဟာများဖြင့် မမျှတတဲ့စစ်ပွဲကိုဆင်နွှနိုင်ဖို့ စီစဉ်နေကြပါတယ်။

ယာဉ်တပ်ဒုံးကျည်တွေလိုမျိုး ပိုမိုရွေ့လျားနိုင်အောင်စီစဉ်ပြီး တဖက်ကနေတိုက်ခိုက်ရခက်ခဲအောင်ပြုလုပ်ဖို့ ထိုင်ဝမ်သမ္မတ'ဆိုင်အင်ဝမ်'က မှာကြားထားပါတယ်။

ယူကရိန်းပဋိပက္ခကြောင့် ထိုင်ဝမ်အနေနဲ့သင်ခန်းစာများစွာရထားပြီး ပြင်ဆင်မှုတွေပြုလုပ်ထားကြောင်း 'ချူကောင်းချန်'က ဆိုပါတယ်။တရုတ်နဲ့စစ်ဖြစ်လာလျှင် နိုင်ငံတကာမှအကူအညီတွေ မျှော်လင့်လို့ရနိုင်သလားလို့ မေးမြန်းခဲ့ရာ ကိုယ့်နိုင်ငံကို ကိုယ့်ဘာသာကာကွယ်ရမယ်လို့ ဖြေကြားသွားခဲ့ပါတယ်။

ထိုင်ဝမ်ရေလက်ကြားက ဘယ်တုန်းကမှ လုံခြုံဘေးကင်းတဲ့နေရာမဟုတ်ခဲ့ပါဘူးလို့ လည်း ပြောသွားပါတယ်။


Source: Reuters