#WorldHealth
Published - 26 February 2022


ဥရောပမှဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီတွေဖြစ်တဲ့ Sanofi နဲ့ GSK ကုမ္ပဏီတို့ စမ်းသပ်ထုတ်လုပ်နေတဲ့ ဗစ်ပရက်ဗ်တင်(Vidprevtyn) ကိုဗစ်ကာကွယ်ဆေးအသစ်ဟာ နောက်ပိုင်းအဆင့်လက်တွေ့စမ်းသပ်ချက်များအရ ကိုဗစ်ရောဂါပြင်းထန်စွာခံစားရခြင်းကို ထိထိရောက်ရောက်ကာကွယ်နိုင်မှာဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။

အဆိုပါကုမ္ပဏီတွေက သူတို့ ရဲ့ကာကွယ်ဆေးအသစ်ကို အမေရိကန်နဲ့ ဥရောပတို့ မှာထိုးနှံခွင့်ရရှိရန် အာဏာပိုင်များထံမှခွင့်ပြုချက်တောင်းခံသွားဖို့ စီစဉ်နေကြပါတယ်။ဗစ်ပရက်ဗ်တင်ဟာ ပရိုတိန်းအခြေပြုကာကွယ်ဆေးဖြစ်ကာ ခန္ဓာကိုယ်ခုခံအားစနစ်ကနေ SARS-CoV-2 ဗိုင်းရပ်စ်ကိုတိုက်ထုတ်ဖို့ ပရိုတိန်းအစိတ်အပိုင်းလေးတွေ အသုံးပြုထားတာဖြစ်ပါတယ်။

mRNA နဲ့ adenovirus vector ကာကွယ်ဆေးတွေထက် ပိုမိုရိုးရှင်းတဲ့ကာကွယ်ဆေးအမျိုးအစားဖြစ်ပါတယ်။
ဒီကာကွယ်ဆေးတွေကို သာမန်ရေခဲသေတ္တာအပူချိန်မှာ ထိန်းသိမ်းထားနိုင်တာကြောင့် အချို့အခက်အခဲရှိတဲ့နေရာတွေအတွက် ပိုမိုလွယ်ကူစေမှာဖြစ်ပါတယ်။

ပိုမိုရိုးရှင်းတဲ့နည်းပညာကို အသုံးပြုထားတာဖြစ်တဲ့အတွက် အခြားကိုဗစ်ကာကွယ်ဆေးနဲ့အဆင်မပြေတဲ့သူတွေအနေနဲ့ ဒီကာကွယ်ဆေးအမျိုးအစားကို ရွေးချယ်နိုင်မှာဖြစ်ပါတယ်။

ဗစ်ပရက်ဗ်တင်ကာကွယ်ဆေးနှစ်ကြိမ်ကို ၃ ပတ်ခြားပြီးထိုးနှံရမှာဖြစ်ပါတယ်။
တတိယအဆင့်စမ်းသပ်မှုအတွက် အမေရိကန်၊ အာရှ၊ အာဖရိက၊ လက်တင်အမေရိကတို့ မှ လူပေါင်း ၁ သောင်းကျော်စာရင်းသွင်းခဲ့ပါတယ်။ဒါ့အပြင် တတိယအကြိမ်ထိုးနှံမှုအဖြစ် အားမြှင့်ကာကွယ်ဆေး(booster)စမ်းသပ်ဖို့ကိုလည်း ဆန်းစစ်လေ့လာနေပြီ ဖြစ်ပါတယ်။

SARS-CoV-2 ဗိုင်းရပ်စ်ကိုခုခံနိုင်မယ့် ပဋိပစ္စည်း(antibody)မရှိသေးတဲ့ လူတွေကို ဗစ်ပရက်ဗ်တင်ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံခဲ့ပြီးနောက် လေ့လာခဲ့ကြရာမှာ ကိုဗစ်ရောဂါလက္ခဏာဖြစ်ပေါ်မှုကို ၅၈ ရာခိုင်နှုန်း၊ ကိုဗစ်ရောဂါအလယ်အလတ်မှ ပြင်းထန်အဆင့်အထိဖြစ်ပွားနိုင်ချေကို ၇၅ ရာခိုင်နှုန်း၊ ဆေးရုံတက်ကုသခံယူရနိုင်ချေကို ၁၀၀ ရာခိုင်နှုန်း အသီးသီးကာကွယ်နိုင်ကြောင်း တွေ့ရှိရပါတယ်။

"စမ်းသပ်မှုအချက်အလက်တွေက အားရစရာကောင်းပါတယ်။ မျိုးဗီဇကွဲများစွာပေါ်ပေါက်နေတဲ့ကာလအတွင်း အခြားဘယ်ကာကွယ်ဆေးကမှ ကမ္ဘာ့အတိုင်းအတာနဲ့ တတိယအဆင့်စမ်းသပ်မှုကို မလုပ်နိုင်ခဲ့ပါဘူး။ အခုရရှိထားတဲ့ကာကွယ်နိုင်စွမ်းတွေက အသိအမှတ်ပြုလက်မှတ်ရရှိထားတဲ့ကာကွယ်ဆေးတွေနဲ့ ဆင်တူနေပါတယ်" လို့ Sanofi မှ အမှုဆောင်ဒုဥက္ကဌ'သောမတ်စ်ထရီယမ့်'က ပြောကြားလိုက်ပါတယ်။

ဗစ်ပရက်ဗ်တင်ကာကွယ်ဆေးတစ်မျိုးတည်းနဲ့လည်း ထိရောက်စွာကာကွယ်နိုင်သလို ဖိုင်ဇာ၊ မိုဒါနာ၊ အက်စ်ထရာဇန်နီကာ၊ ဂျွန်ဆန်အန်ဂျွန်ဆန် ကာကွယ်ဆေးထိုးထားတဲ့သူတွေမှာလည်း ဗစ်ပရက်ဗ်တင်ကို အားမြှင့်ကာကွယ်ဆေးအဖြစ်အသုံးပြုပါက ပဋိပစ္စည်းခုခံနိုင်စွမ်း ၁၈ ဆ မှ အဆ ၃၀ အထိမြင့်တက်လာကြောင်း ဖော်ပြထားပါတယ်။
ဗစ်ပရက်ဗ်တင်ကာကွယ်ဆေးပေါင်း သန်း ၁၀၀ ကိုထုတ်လုပ်ထားပြီးဖြစ်ပြီး နောက်ထပ်ဆေးပေါင်းသန်း ၄၀၀ အထိထုတ်လုပ်သွားဖို့ ရည်ရွယ်နေကြပါတယ်။
Source: CNN