#WorldHealth
Published - 25 February 2022


ဆိုင်နိုဖမ်(Sinopharm)ကိုဗစ်ကာကွယ်ဆေး တတိယအကြိမ်ထိုးနှံတဲ့သူတွေမှာ ၆ လကြာသည့်အခါ ထွက်ရှိထားတဲ့ပဋိပစ္စည်း(antibody)တွေ သိသိသာသာလျော့နည်းလာတဲ့အပြင် စတုတ္ထအကြိမ်ထိုးနှံခြင်းဖြင့်လည်း အိုမီခရွန်ကာကွယ်နိုင်စွမ်း ထူးထူးခြားခြားကောင်းမွန်လာခြင်းမျိုးမတွေ့ရှိရကြောင်း တရုတ်နိုင်ငံမှလေ့လာချက်တစ်ရပ်မှာ ဖော်ပြထားပါတယ်။

အိုမီခရွန်မျိုးဗီဇကွဲကူးစက်မှုကိုကာကွယ်နိုင်မယ့် ပဋိပစ္စည်းထွက်ရှိမှုမြင့်မားချင်တယ်ဆိုရင် ဆိုင်နိုဖမ်လိုမျိုး သက်မဲ့ဗိုင်းရပ်စ်ကာကွယ်ဆေးအမျိုးအစားတွေကို အားမြှင့်ကာကွယ်ဆေး(Booster)အဖြစ် မသုံးစွဲသင့်ဘူးလို့ တနင်္လာနေ့က ဖော်ပြခဲ့တာဖြစ်ပါတယ်။

အဲဒီအစား အားမြှင့်ကာကွယ်ဆေးအဖြစ်ထိုးနှံချင်တယ်ဆိုရင် ပရိုတိန်းအခြေပြုကာကွယ်ဆေးမျိုး ဒါမှမဟုတ် ဗိုင်းရပ်စ်မျိုးဗီဇကွဲတွေရဲ့ မျိုးရိုးဗီဇအချက်အလက်တွေအပေါ် အခြေပြုထုတ်လုပ်ထားတဲ့ mRNA ကာကွယ်ဆေးအမျိုးအစားတွေကို ရွေးချယ်သင့်ကြောင်းဖော်ပြထားပါတယ်။

အိုမီခရွန်ကူးစက်မှုကြောင့် ကိုဗစ်ရောဂါဖြစ်ပွားနိုင်ချေနဲ့ အသက်သေဆုံးနိုင်ချေတို့ ကို လျှော့ချတဲ့နေရာမှာ တတိယအကြိမ် ဒါမှမဟုတ် စတုတ္ထအကြိမ်ကာကွယ်ဆေးထိုးနှံခြင်းမှရရှိတဲ့ ပဋိပစ္စည်းပမာဏက ဘယ်လောက်အထိသက်ရောက်မှုရှိသလဲဆိုတာကို သေချာမသိရှိရသေးပါဘူး။

ဆိုင်နိုဖမ်ကာကွယ်ဆေး တတိယအကြိမ်ထိုးနှံပြီး ၂၆ ပတ်ကြာတဲ့အခါ အိုမီခရွန်ကိုကာကွယ်နိုင်တဲ့ ပဋိပစ္စည်းပမာဏက ၅၃ ရာခိုင်နှုန်းအထိ လျော့နည်းသွားခဲ့ကြောင်း လေ့လာချက်မှာဖော်ပြထားပါတယ်။

လေ့လာချက်အရ တရုတ်မှကျန်းမာရေးဝန်ထမ်း ၃၈ ဦးကို ဆိုင်နိုဖမ်ကာကွယ်ဆေးပထမ ၂ ကြိမ်ထိုးပေးပြီး ၅ လအကြာမှာ အားမြှင့်ကာကွယ်ဆေးထိုးပေးခဲ့ပါတယ်။

နောက်ထပ် ၆ လအကြာမှာ စတုတ္ထအကြိမ်ထိုးပေးခဲ့ရာမှာတော့ အိုမီခရွန်ကိုကာကွယ်နိုင်မယ့် ပဋိပစ္စည်းပမာဏက သိသိသာသာမြင့်တက်လာခြင်းမရှိပေမယ့် တတိယအကြိမ်ထိုးနှံစဉ်ကအမြင့်ဆုံးရရှိခဲ့တဲ့ ပဋိပစ္စည်းပမာဏအတိုင်း ပြန်လည်ရောက်ရှိခဲ့တာကို တွေ့ရှိခဲ့ကြပါတယ်။

စွန်ယက်ဆန်တက္ကသိုလ်နဲ့ သုတေသနပညာရှင်များက ဆေးရုံတစ်ခုမှာ အဆိုပါလေ့လာချက်ကိုပြုလုပ်ခဲ့ရာ အသက်အရွယ်ကြီးသူတွေနဲ့ လေ့လာခဲ့ခြင်းမရှိသလို စတုတ္ထအကြိမ်ကာကွယ်ဆေးထိုးခြင်းရဲ့ ဆဲလ်တုန့်ပြန်မှုအပေါ်သက်ရောက်မှုကိုလည်း မလေ့လာခဲ့ပါဘူး။
Source: Reuters