#WorldPolitics
Published - 21 February 2022


ယူကရိန်းအရေးကိစ္စနဲ့ပတ်သက်ပြီး ထိပ်သီးအစည်းအဝေးပွဲပြုလုပ်ဖို့ အမေရိကန်သမ္မတ'ဂျိုးဘိုင်ဒန်'နဲ့ ရုရှားသမ္မတ'ဗလက်ဒီမီယာပူတင်'တို့ ကြိုတင်သဘောတူညီထားပြီလို့ အမေရိကန်နဲ့ ပြင်သစ်နိုင်ငံတို့မှခေါင်းဆောင်များက ဖော်ပြခဲ့ကြပါတယ်။

ဒီဆွေးနွေးပွဲဟာ လတ်တလောဆယ်စုနှစ်များအတွင်း ဥရောပမှအန္တရာယ်အကြီးမားဆုံးပဋိပက္ခကြီးတစ်ခုကို ဖြေရှင်းနိုင်ဖို့ နည်းလမ်းဖြစ်လာနိုင်ပါတယ်။
ပြင်သစ်သမ္မတ'အီမန်နျူယယ်မက်ခရွန်'က ဥရောပမှာ လုံခြုံရေးနဲ့ ဗျူဟာမြောက်တည်ငြိမ်အေးချမ်းရေး ရရှိရန်ရည်ရွယ်ချက်ဖြင့် အဆိုပါခေါင်းဆောင်နှစ်ဦးကို ထိပ်သီးအစည်းအဝေးတက်ရောက်ရန် ဖိတ်ခေါခဲ့ကြောင်း တနင်္လာနေ့က ပြောကြားခဲ့ပါတယ်။

ရုရှားဘက်က ကျူးကျော်မှုမပြုလုပ်မှသာ 'ဘိုင်ဒန်'က တွေ့ဆုံဆွေးနွေးဖို့လက်ခံသွားမှာဖြစ်ကြောင်း အိမ်ဖြူတော်မှ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
"သံတမန်ရေးအရဖြေရှင်းဖို့ ဆိုရင် အမြဲတမ်းအဆင်သင့်ပါပဲ။ ရုရှားတို့ ကစစ်ရေးလမ်းကြောင်းကို ရွေးချယ်မယ်ဆိုရင်လည်း လျင်မြန်ထိရောက်စွာ ဒဏ်ခတ်အရေးယူသွားဖို့ ပြင်ဆင်ထားပါတယ်" လို့အိမ်ဖြူတော်မှ မီဒီယာရှင်းလင်းပွဲတာဝန်ခံ 'ယန်းဆာကီ'က ပြောဆိုလိုက်ပါတယ်။

ထိပ်သီးအစည်းအဝေးပွဲနဲ့ပတ်သက်ပြီး ရုရှားဘက်က ချက်ခြင်းတုန့်ပြန်ဖြေကြားခြင်း မရှိသေးပါဘူး။အစည်းအဝေးပွဲပြုလုပ်ဖို့ 'မက်ခရွန်'၊ 'ဘိုင်ဒန်'၊ 'ပူတင်'၊ ဗြိတိန်ဝန်ကြီးချုပ် 'ဘိုရစ်ဂျွန်ဆန်'တို့ တယ်လီဖုန်းဖြင့် အကြိမ်ရေများစွာဆက်သွယ်ပြောဆိုခဲ့ကြပေမယ့် အကြောင်းအရာအတိအကျကိုတော့ ရှင်းရှင်းလင်းလင်း မသိရှိရသေးပါဘူး။

ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး 'အန်တိုနီဘလင်ကန်'နဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး 'ဆာဂျီလက်ဗ်ရော့ဗ်'တို့ တွေ့ဆုံဆွေးနွေးသွားကြရင်း ထိပ်သီးအစည်းအဝေးပွဲအတွက် အကြောင်းအရာများကို အကောင်အထည်ဖော်သွားမှာဖြစ်ကြောင်း ပြင်သစ်အစိုးရရုံးနဲ့ အိမ်ဖြူတော်တို့က ပြောကြားခဲ့ပါတယ်။

ယူကရိန်းနယ်စပ်အနီးတွင် ရုရှားတပ်ဖွဲ့များအင်အားတိုးချဲ့လာခြင်းကြောင့် တင်းမာမှုများရှိလာခဲ့ပြီးနောက် အခုလိုအစည်းအဝေးပွဲပြုလုပ်ဖို့ စီစဉ်လာကြတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းကတည်းက ယူကရိန်းနယ်စပ်အနီးမှာ ရုရှားတပ်ဖွဲ့အများအပြား ဖြန့်ကျက်ထားရှိနေတာကြောင့် ကျူးကျော်ဖို့ပြင်ဆင်နေတာဖြစ်နိုင်ကြောင်း အနောက်နိုင်ငံတွေက စိုးရိမ်နေခဲ့ပါတယ်။

ဘီလာရုစ်နိုင်ငံတွင်းမှာလည်း ရုရှားစစ်ရေးလေ့ကျင့်မှုတွေ ဆောင်ရွက်နေတယ်လို့ ဘီလာရုစ်ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာထားတဲ့အပြင် ယူကရိန်းအနီးမှာ ရုရှားဘက်က သံချပ်ကာယာဉ်တွေ၊ စစ်သည်တွေ ထပ်မံရောက်ရှိလာတာကို အမေရိကန်အခြေစိုက်မက်ဆာဂြိုဟ်တုကုမ္ပဏီရဲ့ ဂြိုဟ်တုပုံရိပ်များမှတဆင့် မြင်တွေ့ခဲ့ရပါတယ်။

ဒီလိုစစ်ရေးလေ့ကျင့်မှုတွေ တိုးချဲ့ပြုလုပ်လာတာက ရုရှားတို့ကျူးကျော်တော့မယ့်အရိပ်အယောင်ဖြစ်ကြောင်း 'အန်တိုနီဘလင်ကန်'က သတိပေးထားပြီး ရုရှားတို့ကတော့ ကျူးကျော်ဖို့အစီအစဉ်မရှိဘူးလို့ ထပ်ခါထပ်ခါငြင်းဆိုထားပါတယ်။

"တကယ့်စစ်ပွဲဖြစ်မလာခင်အထိတော့ ရသမျှအခွင့်အရေးတိုင်း အချိန်မိနစ်တိုင်းကိုအသုံးချပြီး သမ္မတ'ပူတင်'နဲ့ သံတမန်ရေးဆွေးနွေးသွားနိုင်ဖို့ ကြိုးပမ်းသွားမှာပါ" လို့ 'ဘလင်ကန်'က ဆိုပါတယ်။

ယူကရိန်းအစိုးရအဖွဲ့တွေနဲ့ ရုရှားကျောထောက်နောက်ခံပြု ယူကရိန်းခွဲထွက်ရေးသမားတွေကြား ပစ်ခတ်မှုတွေ အဖြစ်များလျက်ရှိနေပါတယ်။
ယူကရိန်းအရှေ့ဘက်ရှိ ခွဲထွက်ရေးအဖွဲ့များကြီးစိုးရာ ဒိုနက်စ်မြို့လယ်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး တနင်္လာနေ့အထိ တိုက်ခိုက်မှုဖြစ်ပွားတဲ့အသံတွေ ဆက်တိုက်ကြားနေရတာဖြစ်ပါတယ်။

ယူကရိန်းအစိုးရတပ်ဖွဲ့တွေရဲ့ပစ်ခတ်မှုကြောင့် အရပ်သားနှစ်ဦးသေဆုံးခဲ့ကြောင်း ယူကရိန်းအရှေ့ဘက်ရှိ ရုရှားထောက်ခံခွဲထွက်ရေးသမားတွေက တနင်္လာနေ့က စွပ်စွဲပြောကြားလိုက်ကြောင်း ရုရှားနိုင်ငံပိုင် RIA သတင်းဌာနက ဖော်ပြလိုက်ပါတယ်။

ယူကရိန်းအစိုးရအဖွဲ့ရဲ့တုန့်ပြန်ချက်မှာတော့ ရုရှားထောက်ခံရေးသမားတွေက ယူကရိန်းအရှေ့ဘက်ရှိ သူတို့လူမျိုးတွေကိုပြန်သတ်ပြီး အစိုးရအဖွဲ့အပေါ် အပြစ်လွှဲချဖို့ ကြိုးပမ်းနေတာဖြစ်တယ်လို စွပ်စွဲလိုက်ပါတယ်။
"မကြာခင် ဥရောပမှာ စစ်ဘေးကပ်ဆိုက်တော့မယ်ထင်ပါတယ်" လို ချက်ပြည်သူ့သမ္မတနိုင်ငံမှ ဝန်ကြီးချုပ်'ပီတာဖီယာလာ'က တီဗီအင်တာဗျူးတစ်ခုမှာ မှတ်ချက်ပြုခဲ့ပါတယ်။
Source: Reuters.