#WorldHealth
Published - 17 February 2022


လတ်တလောမှာ အိုမီခရွန်မျိုးဗီဇကွဲကူးစက်မှု လျော့ကျလာတဲ့အချိန်ကျမှ အိုမီခရွန်မျိုးဗီဇကွဲကို ကာကွယ်နိုင်မယ့်ကိုဗစ်ကာကွယ်ဆေးတွေကို သိပ္ပံပညာရှင်တွေက အသည်းအသန်ကြိုးစားစမ်းသပ်နေကြပါတယ်။နောက်ထပ်ထုတ်လုပ်နေတဲ့ ကာကွယ်ဆေးတွေရဲ့ ထိရောက်နိုင်စွမ်းကို သိရှိတဲ့အချိန်မှာ အိုမီခရွန်ကူးစက်မှုအမြင့်ဆုံးကာလကို ကျော်လွန်နေလောက်ပြီဖြစ်ပါတယ်။

နှာခေါင်းစည်းမဖြစ်မနေတပ်ဆင်ခြင်းစည်းကမ်းတွေ ဖြေလျှော့ပြီး ပုံမှန်အတိုင်းနေထိုင်သွားဖို့ စီစဉ်နေလောက်ကြပြီဖြစ်ပါတယ်။မျိုးဗီဇကွဲအသစ်တစ်ခုပေါ်ပေါက်လာတိုင်း ကာကွယ်ဆေးအသစ်တစ်မျိုး ဖန်တီးထုတ်လုပ်မယ့်အစား လက်ရှိကိုရိုနာဗိုင်းရပ်စ်တွေနဲ့ နောင်ထွက်ပေါ်နိုင်မယ့်မျိုးဗီဇကွဲအားလုံးကို ကာကွယ်ပေးနိုင်မယ့် ကိုဗစ်ကာကွယ်ဆေးတစ်မျိုးတည်းကို ထုတ်လုပ်နိုင်ရင် အခြေအနေတွေ တမျိုးဖြစ်သွားနိုင်ပါတယ်။

မျိုးဗီဇကွဲအသစ်တွေ ပေါ်ပေါက်လာတဲ့အခါ ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီတွေက လိုက်ပြီးကာကွယ်ဆေးတွေထုတ်လုပ်နေပေမယ့် ဒါဟာရေတိုအတွက်သာ အဆင်ပြေပြီး ရေရှည်မှာအသုံးမဝင်နိုင်ကြောင်း မြောက်ကယ်ရိုလိုင်းနားတက္ကသိုလ်မှ ခန္ဓာကိုယ်ခုခံအားဆိုင်ရာပညာရှင် 'ဒေးဗစ်မာတီနက်ဇ်'က ပြောလိုက်ပါတယ်။

ဒါကြောင့် လက်ရှိ SARS-CoV-2 ဗိုင်းရပ်စ်တွေသာမက နောင်ထွက်ပေါ်လာနိုင်တဲ့မျိုးဗီဇကွဲတွေကိုပါ ကာကွယ်ခုခံပေးနိုင်မယ့် ကိုဗစ်ကာကွယ်ဆေးတွေကို စမ်းသပ်တီထွင်နေကြပါတယ်။

တကယ်တမ်းမှာလည်း မျိုးဗီဇကွဲအားလုံးကို ကာကွယ်ပေးနိုင်မယ့် စွယ်စုံရကိုဗစ်ကာကွယ်ဆေး လိုအပ်နေတာဖြစ်ပြီး နောင်လာမယ့်နှစ်တွေမှာ တိရိစာ္ဆန်တွေကနေ လူသားတွေဆီကူးစက်နိုင်တဲ့ အမည်မသိကိုရိုနာဗိုင်းရပ်စ်တွေကိုပါ ကာကွယ်ပေးနိုင်ဖို့ လိုအပ်နေပါတယ်။

မျိုးဗီဇကွဲအများအပြားကို ကာကွယ်နိုင်ပြီး တာရှည်ခုခံအားပေးနိုင်မယ့် ကာကွယ်ဆေးကိုဖော်ထုတ်ဖို့ က သိပ္ပံနည်းအရ လိုအပ်ချက်များစွာရှိနေတာကြောင့် စိတ်ရှည်ရှည်ထားဖို့လိုအပ်ကြောင်း အိမ်ဖြူတော်မှ ဆေးပညာအကြံပေးဦးစီးချုပ် 'အန်သိုနီဖော့ချီ'က တိုက်တွန်းလိုက်ပါတယ်။

ပန်ဆယ်ဗေးနီးယားပဲရယ်မန်ဆေးပညာတက္ကသိုလ်မှ ကာကွယ်ဆေးထုတ်လုပ်သူ 'ဒရူးဝိုက်စ်မန်'က မျိုးဗီဇကွဲအသစ်တွေ အမြဲတမ်းပေါ်ထွက်နေတာကြောင့် အဲဒီနောက်ကိုလိုက်ပြီး ကာကွယ်ဆေးတွေထုတ်နေတာကို စိုးရိမ်လာကြောင်း၊ ၆ လကြာတိုင်း မျိုးဗီဇကွဲအသစ်ပေါ်ပေါက်လေ့ရှိကြောင်း၊ တစ်ကမ္ဘာလုံးကာကွယ်ဆေးမထိုးနိုင်သေးသရွေ့ အသစ်တွေထွက်ပေါ်နေမှာဖြစ်ကြောင်း ပြောကြားသွားပါတယ်။

ဒုခ်ဆေးပညာတက္ကသိုလ်မှ ကာကွယ်ဆေးကျွမ်းကျင်ပညာရှင် 'ဘာတန်ဟိန်းစ်'နဲ့အဖွဲ့ က မျိုးဗီဇကွဲအားလုံးကို ရပ်တန့်နိုင်မယ့်နည်းလမ်းကို ရှာဖွေနေကြပါတယ်။
မျက်နှာပြင်ပေါ်မှာ စပိုက်ခ်ပရိုတိန်းအစိတ်အပိုင်းလေးပါဝင်တဲ့ နာနိုအမှုန်လေးဖြင့်ပြုလုပ်ထားသော ကာကွယ်ဆေးတစ်မျိုးကို တီထွင်နေကြပါတယ်။

တိရိစာ္ဆန်တွေနဲ့စမ်းသပ်ရာမှာတော့ ထိုကာကွယ်ဆေးက မျိုးဗီဇကွဲအမျိုးမျိုး၊ နဂိုမူလ SARS ဗိုင်းရပ်စ်၊ လင်းနိုကိုရိုနာဗိုင်းရပ်စ်တို့ ကို ကာကွယ်ပေးနိုင်တဲ့ ခုခံအားကိုထုတ်လုပ်ပေးနိုင်ပါတယ်။

ယခုနှစ်အတွင်း လူသားတွေနဲ့စမ်းသပ်သွားနိုင်ဖို့ 'ဘာတန်ဟိန်းစ်'က မျှော်လင့်ထားပါတယ်။စွယ်စုံရကိုဗစ်ကာကွယ်ဆေး အစောတလျင်ရရှိဖို့ တောင်းဆိုနေကြပေမယ့် အရင်ကာကွယ်ဆေးတွေထုတ်လုပ်ရတာထက် အများကြီးပိုပြီးခက်ခဲနိုင်တယ်လို့ သတိပေးထားပါတယ်။

"တုပ်ကွေးဗိုင်းရပ်စ်တွေကို လေ့လာလာတာ နှစ်ပေါင်း ၇၀ ကျော်လာပါပြီ။ စွယ်စုံရတုပ်ကွေးကာကွယ်ဆေး ထုတ်လုပ်နိုင်ဖိုကြိုးစားနေပေမယ့် အခုထိ မလုပ်နိုင်သေးပါဘူး။ ဒါပေမဲ့ ကိုရိုနာဗိုင်းရပ်စ်ကိုလည်း ကြိုးစားကြည့်ရမှာပါပဲ" လို့ ဝစ္စကွန်ဆင်တက္ကသိုလ်မှ 'ယိုရှီဟီရိုကာဝါအိုကာ'က ပြောပြခဲ့ပါတယ်။
Source: The Washington Post