#WorldPolitics
Published 16 February 2022

ယူကရိန်းနိုင်ငံအား ကျူးကျော်တိုက်ခိုက်ခြင်းမပြုလုပ်ဘဲ စစ်ပွဲကိုရှောင်ရှားဖို့ ရုရှားသမ္မတ'ဗလက်ဒီမီယာပူတင်'ကို အမေရိကန်သမ္မတ'ဂျိုးဘိုင်ဒန်'က အင်္ဂါနေ့က အလေးအနက်တောင်းဆိုလိုက်ပါတယ်။

ရုရှားတို့ကျူးကျော်တိုက်ခိုက်လာပါက မလိုအပ်ဘဲ အသက်သေဆုံးမှုတွေ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်လာမှာဖြစ်ပြီး 'ပူတင်'အနေနဲ့လည်း နိုင်ငံတကာက ရန်သူအဖြစ် သတ်မှတ်ခြင်းခံရနိုင်ကြောင်း 'ဘိုင်ဒန်'က ဆိုပါတယ်။

'ဘိုင်ဒန်'က ရုပ်မြင်သံကြားမိန့်ခွန်း၌ပြောကြားရာမှာ ယူကရိန်းကို ရုရှားစစ်အင်အား ၁ သိန်းခွဲခန့် ဝိုင်းရံထားတယ်လို့ ခန့်မှန်းရကြောင်း၊ ဒါဟာ အရင်နေ့တွေက ဖြန့်ကျက်ထားတဲ့ စစ်အင်အား ၁ သိန်းထက် ပိုများလာတာဖြစ်ကြောင်း၊ အချို့တပ်ဖွဲ့တွေ တပ်ဆုတ်လာတယ်ဆိုပေမယ့် အတည်မပြုနိုင်သေးကြောင်း၊ ကျူးကျော်မှုပြုလုပ်နိုင်ချေကတော့ အများကြီးရှိနေသေးကြောင်း ပြောကြားသွားခဲ့ပါတယ်။

ရုရှားအနေနဲ့ ဒီအကြပ်အတည်းမှာ ဖြေလျှော့သွားမလား ရင်ဆိုင်သွားမလားဆိုတာကို ရွေးချယ်လို့ရတဲ့ အခြေအနေရှိနေပါတယ်။

တကယ်လို့ ရုရှားတို့ ယူကရိန်းကိုကျူးကျော်မယ်ဆိုရင်တော့ အမေရိကန်နဲ့မဟာမိတ်အဖွဲ့တွေက ရုရှားတို့ ရဲ့စီးပွားရေးတွေကို ပစ်မှတ်ထားကာ ဒဏ်ခတ်အရေးယူသွားမှာဖြစ်ပြီး တစ်ကမ္ဘာလုံးနဲ့ အဆက်အသွယ်ဖြတ်ဆန့်ကျင်သွားဖို့ ပြင်ဆင်ထားကြပါတယ်။
'ဘိုင်ဒန်'ပြောဆိုခဲ့တဲ့ စကားလုံးတွေက 'ပူတင်'ကို အဓိကထားရည်ရွယ်ထားတာဖြစ်ပါတယ်။

ယူကရိန်းကို နေတိုး(NATO)အဖွဲ့ဝင်နိုင်ငံအဖြစ် လက်မခံဖို့နဲ့ နေတိုးတပ်ဖွဲ့တွေ ဥရောပအရှေ့ဘက်ကို ထပ်မံတိုးချဲ့မလာဖို့ 'ပူတင်'က တောင်းဆိုချက်တွေ တင်ပြထားပါတယ်။
'ဘိုင်ဒန်'က ရုရှားကို အရေးယူဒဏ်ခတ်သွားမယ်လို့ ခြိမ်းခြောက်နေပေမယ့် 'ပူတင်'ရဲ့သဘောထားကိုတော့ ပြောင်းလဲလာအောင် မစွမ်းဆောင်နိုင်သေးပါဘူး။

"အမေရိကန်နဲ့ နေတိုးတပ်ဖွဲ့ တွေက ရုရှားကိုခြိမ်းခြောက်နေတာမဟုတ်ပါဘူး။ ယူကရိန်းကလည်း ခြိမ်းခြောက်နေတာမဟုတ်ပါဘူး။ ယူကရိန်းနိုင်ငံအတွင်း အမေရိကန်နဲ့နေတိုးတပ်ဖွဲတွေရဲ့ ဒုံးကျည်တွေလည်း မရှိပါဘူး။ ထားရှိဖို့လည်း မရည်ရွယ်ထားပါဘူး။ ရုရှားပြည်သူတွေကို ပစ်မှတ်ထားအရေးယူနေတာမဟုတ်ပါဘူး။ ရုရှားနိုင်ငံ မငြိမ်မသက်ဖြစ်အောင် မရည်ရွယ်ပါဘူး" လို့ 'ဘိုင်ဒန်'က ဆိုပါတယ်။

"ရုရှားပြည်သူပြည်သားတွေကို ပြောပြချင်တာက ကျွန်တော်တို့က ရန်သူတွေမဟုတ်ပါဘူး။ ယူကရိန်းကိုတိုက်ခိုက်ပြီး သေကြေပျက်စီးကြရတာကို သင်တို့လည်း လိုချင်မှာမဟုတ်ဘူးလို့ ယုံကြည်ပါတယ်" လို့ 'ဘိုင်ဒန်'က ရုရှားနိုင်ငံသားတွေကို ကြေညာလိုက်ပါတယ်။

ရုရှားအနေနဲ့ ကျူးကျော်တိုက်ခိုက်ခဲ့ရင် လူ့အသက်တွေ ပျက်စီးဆုံးရှုံးမှုတွေ များသွားမှာဖြစ်ပြီး မလိုအပ်ဘဲ သေကြေပျက်စီးမှုတွေဖြစ်စေတဲ့လမ်းကို ရုရှားတို့ ရွေးချယ်ခဲ့တယ်ဆိုတာ ကမ္ဘာကမေ့ပျောက်သွားမှာမဟုတ်ပါဘူးလို့ ဆိုခဲ့ပါတယ်။

ဒါ့အပြင် 'ဘိုင်ဒန်'က အမေရိကန်တို့က ရုရှားနဲ့ထိပ်တိုက်ရင်ဆိုင်မှုဖြစ်အောင် ပြုလုပ်နေတာမဟုတ်ကြောင်း၊ ယူကရိန်းနိုင်ငံအတွင်းမှာ အမေရိကန်စစ်သည်တွေက တိုက်ခိုက်သွားမှာမဟုတ်ကြောင်း၊ ဒါပေမဲ့ ရုရှားတို့က ယူကရိန်းနိုင်ငံအတွင်း အမေရိကန်တွေကို တိုက်ခိုက်မယ်ဆိုရင်တော့ အလုံးအရင်းနဲ့ တုန့်ပြန်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
မိန့်ခွန်းမပြောကြားခင် တစ်ရက်အလိုက ယူကရိန်းအနေနဲ့ ဆိုက်ဘာတိုက်ခိုက်မှုတွေ ခံခဲ့ရပြီး ရုရှားလက်ချက်လို့ ယူဆရကြောင်း ပြောခဲ့ပါတယ်။

ရုရှားအနေနဲ့ ကုမ္ပဏီတွေ အရေးကြီးတဲ့ အချက်အခြာအဆောက်အအုံတွေကို ဆိုက်ဘာတိုက်ခိုက်မှုတွေ ပြုလုပ်လာမယ်ဆိုရင် တုန့်ပြန်သွားဖို့ ပြင်ဆင်ထားကြောင်း 'ဘိုင်ဒန်'က သတိပေးထားပါတယ်။
Source: Reuters