#WorldHealth
Published - 16 February 2022


လှုပ်ရှားလေ့ကျင့်ခန်းပြုလုပ်ခြင်းက ခန္ဓာကိုယ်သန်စွမ်းကြံ့ခိုင်စေရုံတင်မကဘဲ ကိုဗစ်ကာကွယ်ဆေးထိုးပြီးတဲ့အခါ ပဋိပစ္စည်း antibody တွေကို တိုးများလာစေကြောင်း အိုင်ယိုဝါပြည်နယ်တက္ကသိုလ်မှ သုတေသီတွေက တင်ပြထားပါတယ်။

လေ့ကျင့်ခန်းပြုလုပ်ပေးခြင်းက တုပ်ကွေးကာကွယ်ဆေးနဲ့ ကိုဗစ်ကာကွယ်ဆေးထိုးပြီးတဲ့အခါ ပဋိပစ္စည်းထွက်ပေါ်လာမှုကို အားပေးကြောင်း၊ ကာကွယ်ဆေးထိုးပြီး လေ့ကျင့်ခန်းပြုလုပ်ခြင်းက ဘေးထွက်ဆိုးကျိုးမဖြစ်စေနိုင်ကြောင်း သုတေသီတွေက Science Direct ဂျာနယ်မှာ ထုတ်နုတ်ဖော်ပြထားပါတယ်။

ကာကွယ်ဆေးထိုးပြီးပြီးချင်း မိနစ် ၉၀ ကြာလေ့ကျင့်ခန်းပြုလုပ်ခြင်းရဲ့ အကျိုးသက်ရောက်မှုကို လေ့လာတဲ့အနေနဲ့ ကြွက်တွေကို ပြေးစက်မှာပြေးခိုင်းပြီး လေ့လာကြရာမှာ ရလာဒ်အတူတူထွက်ရှိလာခဲ့ပါတယ်။

ဗိုင်းရပ်စ်ကိုမှတ်မိသိရှိတဲ့ ပဋိပစ္စည်းတွေထွက်ရှိလာအောင် 'အင်တာဖရွန်အယ်လ်ဖာ'လို့ ခေါ်တဲ့ ပရိုတိန်းတွေရှိနေတာကို တွေ့ခဲ့ရပါတယ်။အချိန်အနည်းငယ်သာ လေ့ကျင့်ခန်းပြုလုပ်ခြင်းကတော့ ပဋိပစ္စည်းတွေများလာအောင် မလုပ်ပေးနိုင်ပါဘူး။

လေ့လာတွေ့ရှိချက်တွေအရ လေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် ကာကွယ်ဆေးထိုးပြီး ၄ ပတ်အကြာအထိ သွေးရည်ကြည်ပဋိပစ္စည်းတွေ များစွာထွက်ရှိနေနိုင်ပါတယ်။လေ့ကျင့်ခန်းပုံမှန်ပြုလုပ်လေ့ရှိတဲ့ လူလတ်ပိုင်းတွေဟာ ကာကွယ်ဆေးထိုးပြီးနောက် သာမန်လေ့ကျင့်ခန်းပြုလုပ်ပေးခြင်းဖြင့် ကာကွယ်ဆေးကြောင့်ထွက်ရှိတဲ့ ပဋိပစ္စည်း antibody တွေ တိုးများလာစေပါတယ်။

စမ်းသပ်လေ့လာခဲ့တဲ့သူတဝက်နီးပါးလောက်က အဝလွန်တဲ့သူတွေဖြစ်ကြပေမယ့် လေ့ကျင့်ခန်းလုပ်နေစဉ်မှာတော့ ကျန်းမာတဲ့လူတစ်ယောက်ရဲ့ နှလုံးခုန်နှုန်းအတိုင်းထိန်းသိမ်းထားနိုင်ပါတယ်။

အရင်ထုတ်ပြန်ခဲ့ဖူးတဲ့ညွှန်ကြားချက်တွေထဲမှာ ကိုဗစ်ကာကွယ်ဆေးစထိုးတဲ့သူတွေအနေနဲ့ နှလုံးကြွက်သားရောင်ရမ်းခြင်းမျိုး မဖြစ်စေရန် လေ့ကျင့်ခန်းပြုလုပ်ခြင်းကို တစ်ပတ်လောက်ရှောင်ရှားဖို့ ညွှန်ကြားထားခဲ့ပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာလတုန်းက ဖိုင်ဇာကာကွယ်ဆေးထိုးပြီးတဲ့အခါ လေ့ကျင့်ခန်းမျိုးစုံပြုလုပ်နိုင်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ကာကွယ်ဆေးထိုးပြီး နှလုံးရောင်ရမ်းခြင်းဖြစ်နိုင်ချေက အလွန့်အလွန်နည်းပါးကြောင်း အစ္စရေးလ်တို့ ကလည်း ဖော်ပြထားပါတယ်။

"ကျွန်တော်သိသလောက်ကတော့ ကာကွယ်ဆေးထိုးပြီးလို့ လေ့ကျင့်ခန်းမလုပ်သင့်ဘူးဆိုတာမျိုး မရှိပါဘူး" လို့ အစ္စရေးလ်ကျန်းမာရေးဝန်ကြီးဌာနမှ အထွေထွေညွှန်ကြားရေးမှူး ပရော်ဖက်ဆာ'နာ့ခ်မန်အက်ရှ်'က ပြောကြားလိုက်ပါတယ်။
Source: The Jerusalem Post