#WorldBusiness
Published- 14 February 2022


ကမ္ဘာ့လောင်စာဆီဈေးနှုန်းဟာ တနင်္လာနေ့က ၇ နှစ်ကျော်ကာလအတွင်း အမြင့်ဆုံးထိုးတက်သွားခဲ့ပါတယ်။ယူကရိန်းနိုင်ငံကို ရုရှားတို့ကျူးကျော်မယ်ဆိုပါက အမေရိကန်နဲ့ ဥရောပမှ ဒဏ်ခတ်ပိတ်ဆို့မှုများပြုလုပ်လာနိုင်ပြီး လောင်စာဆီအဓိကထွက်ရှိရာနိုင်ငံကြီးရဲ့ လောင်စာဆီတင်သွင်းမှုတွေကို အနှောင့်အယှက်ဖြစ်လာနိုင်ပါတယ်။

၂၀၁၄ အောက်တိုဘာလက Brent Crude ဆီတိုင်ကီ ၁ ပုံးကို ၉၆.၁၆ ဒေါ်လာအမြင့်ဆုံးရှိခဲ့ဖူးကာ အခုတနင်္လာနေ့ ဂရင်းနစ်စံတော်ချိန် ၂ နာရီ ၃၅ မိနစ်မှာ ၉၅.၅၆ ဒေါ်လာအထိ မြင့်တက်ခဲ့ပြီး ၁.၂ ရာခိုင်နှုန်းမြင့်တက်လာခဲ့တာဖြစ်ပါတယ်။

West Texas Intermediate (WTI) crude ကလည်း ၂၀၁၄ စက်တင်ဘာလက ဆီတစ်တိုင်ကီကို ၉၄.၉၄ ဒေါ်လာအမြင့်ဆုံးဖြစ်ခဲ့ကာ အခုအခါ ၉၄.၃၈ ဒေါ်လာအထိ ဖြစ်လာခဲ့ပါတယ်။
ယူကရိန်းကို ရုရှားတို့က ကျူးကျော်တိုက်ခိုက်လာနိုင်တယ်ဆိုတဲ့ အမေရိကန်တို့ရဲ့ပြောကြားချက်တွေက ကမ္ဘာ့စီးပွားရေးဈေးကွက်ကို တုန်လှုပ်သွားစေပါတယ်။

ရုရှားတို့က အကြောင်းပြချက်တစ်ခုဖန်တီးကာ ယူကရိန်းကို အချိန်မရွေးတိုက်ခိုက်လာနိုင်ကြောင်း အမေရိကန်တို့က တနင်္ဂနွေနေ့က ပြောကြားခဲ့ပါတယ်။"တကယ်ကျူးကျော်ဖြစ်ခဲ့ရင် Brent Crude ဆီဈေးက ဒေါ်လာ ၁၀၀ အထက်ကို ရောက်သွားမှာပါ။ ဆီဈေးက ငြိမ်သွားမှာမဟုတ်ပါဘူး။ ယူကရိန်းအရေးကိစ္စအခြေအနေပေါ် အလွန်မူတည်နေပါတယ်။" လို့ OANDA နိုင်ငံတကာငွေကြေးလဲလှယ်ရေးမှ 'အက်ဒ်ဝါ့ဒ်မိုယာ'က မှတ်ချက်ပြုလိုက်ပါတယ်။

ရေနံတင်ပို့ရေးနိုင်ငံများအဖွဲ့အစည်းနဲ့ မဟာမိတ်အဖွဲ့အစည်းတွေပါဝင်တဲ့ OPEC+ အဖွဲ့ဟာ မတ်လမတိုင်ခင်အထိ တစ်နေ့ကို ဆီတိုင်ကီ ၄ သိန်း တိုးမြှင့်ထုတ်လုပ်ဖို့ ကတိပေးထားပေမယ့် လက်တွေ့မှာတော့ တိုးမြှင့်ထုတ်လုပ်ဖို့က ခက်ခဲနေခဲ့ပါတယ်။

ဇန်နဝါရီလအတွင်း OPEC+ က ထုတ်လုပ်တဲ့ပမာဏနဲ့ သတ်မှတ်ချက်ပမာဏဟာ တစ်နေ့ကိုတိုင်ကီ ၉ သိန်းခန့်ကွာဟနေတယ်လို့ နိုင်ငံတကာစွမ်းအင်အေဂျင်စီက ဆိုလိုက်ပြီး OPEC အဖွဲ့အစည်းတစ်ခုတည်းကပင် တိုင်ကီ ၁.၂ သန်းကွာဟနေကြောင်း JP Morgan ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။

"OPEC-10 အဖွဲ့က ၇ နိုင်ငံက ယခုလအတွင်း သတ်မှတ်ထားတဲ့ တိုးမြှင့်ထုတ်လုပ်မှုအတိုင်း မဆောင်ရွက်နိုင်ခဲ့ပါဘူး။ အီရတ်နိုင်ငံက ထုတ်လုပ်မှုလိုအပ်ချက် အများဆုံးဖြစ်နေခဲ့ပါတယ်" လို့ JP Morgan မှ သုံးသပ်လေ့လာသူတွေက ဖေဖော်ဝါရီ ၁၁ ရက်နေ့က မှတ်ချက်ပြုခဲ့ပါတယ်။

အမေရိကန်နဲ့အီရန်နိုင်ငံတို့ ကြား ၂၀၁၅ နျူကလီးယားသဘောတူညီချက်အကြောင်း ဆွေးနွေးနေမှုကိုလည်း ရင်းနှီးမြှုပ်နှံသူတွေက စောင့်ကြည့်နေကြပါတယ်။
ဒါပေမဲ့ ပြောဆိုဆွေးနွေးမှုတွေက ပိုမိုဆိုးရွားလာပြီဖြစ်ကြောင်း အီရန်အကြီးတန်းလုံခြုံရေးအရာရှိတစ်ဦးက တနင်္လာနေ့က ပြောကြားလိုက်ပါတယ်။

ဆီဈေးနှုန်းမြင့်တက်လာမှုကြောင့် အမေရိကန်တွင် စွမ်းအင်ထုတ်လုပ်ရေးလုပ်ငန်းတွေကနေ ပြီးခဲ့တဲ့အပတ်က ရေနံတူးစင်များစွာ ဆောက်လုပ်ခဲ့ကြကြောင်း စွမ်းအင်ထုတ်လုပ်ရေးလုပ်ငန်း Baker Hughes ကုမ္ပဏီက သောကြာနေ့က ပြောကြားခဲ့ပါတယ်။
Source: Reuters