#WorldHealth
Published - 13 February 2022
ပြင်ပသုတေသနလေ့လာချက်တစ်ခုတွင် အိုင်ဗာမက်တင်(Ivermectin) ဆိုတဲ့ဆေးဟာ အိုမီခရွန်နဲ့ အခြားကိုရိုနာဗိုင်းရပ်စ်မျိုးဗီဇကွဲတွေကို ကုသပေးနိုင်ကြောင်း ဂျပန်ကုန်သွယ်ရေးနဲ့ဆေးဝါးကုမ္ပဏီတစ်ခုဖြစ်တဲ့ ကိုဝါကုမ္ပဏီက တနင်္လာနေ့က ပြောကြားခဲ့ပါတယ်။

အဆိုပါကုမ္ပဏီဟာ ကိုဗစ်ရောဂါကုသရေးဆေးကို တိုကျိုမှ ကီတာဆာတိုတက္ကသိုလ်နဲ့အတူ စမ်းသပ်ထုတ်လုပ်နေတာဖြစ်ပြီး နောက်ထပ်အသေးစိတ်ကိုတော့ မထုတ်ပြန်ရသေးပါဘူး။
ရိုက်တာသတင်းဌာနကဖော်ပြတဲ့ မူလသတင်းမှာတော့ အိုင်ဗာမက်တင်ဆေးရဲ့ တတိယအဆင့်စမ်းသပ်မှုကို လူသားတွေနဲ့ပြုလုပ်ရာမှာ အိုမီခရွန်ကိုထိရောက်စွာကုသနိုင်တယ်လို့ မှားယွင်းပြီးဖော်ပြခဲ့ပါတယ်။

ဓာတ်ခွဲခန်းစမ်းသပ်မှုတွေ ပြုလုပ်နေပေမယ့် အိုင်ဗာမက်တင်ကို ကိုဗစ်ကုသဆေးအဖြစ် သတ်မှတ်ဖို့ကတော့ အငြင်းပွားဖွယ်ရာဖြစ်ခဲ့ပါတယ်။ကိုဗစ်ကပ်ရောဂါ၊ အစိုးရရဲ့စည်းမျဉ်းသတ်မှတ်ချက်တွေနဲ့ ကိုဗစ်ကာကွယ်ဆေးတွေအပေါ် သံသယရှိသူ'ဂျိုးရိုဂန်'ရဲ့သံသယအမြင်တွေကြောင့် အငြင်းပွားစရာတွေဖြစ်လာခဲ့ပါတယ်။

'ရိုဂန်'က ကိုဗစ်ကာကွယ်ဆေးလိုအပ်ချက်အပေါ် မေးခွန်းတွေထုတ်ခဲ့ပေမယ့် အိုင်ဗာမက်တင်ကိုအသုံးပြုခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။အဆိုပါဆေးကို ဂျပန်နိုင်ငံမှာ ကိုဗစ်ရောဂါကုသဖို ခွင့်ပြုချက်မပေးထားပါဘူး။

အမေရိကန်အစားအစာနဲ့ဆေးဝါးကွပ်ကဲရေးအဖွဲ့ ၊ WHO၊ ဥရောပသမဂ္ဂဆေးဝါးကွပ်ကဲရေးအဖွဲ့ နဲ့ ဆေးဝါးထုတ်လုပ်တဲ့ မာ့ခ်ကုမ္ပဏီတို့ ကလည်း အဆိုပါဆေးဝါးအသုံးပြုခြင်းကို သတိပေးထားကာ ရောဂါကုသပေးနိုင်တဲ့ အထောက်အထားမျိုး မတွေ့ရဘူးလို့ ထုတ်ပြန်ထားပါတယ်။

လူသားတွေမှာ ကိုဗစ်ရောဂါကာကွယ်ကုသဖို့ ဆေးဝါးအသုံးပြုမှုကို စိတ်ဝင်စားမှုများလာကြပေမယ့် အဆိုပါဆေးဝါးကို ကိုယ်တိုင်သုံးစွဲခဲ့ပြီးနောက် ဆေးကုသခံယူမှုလိုအပ်ကာ ဆေးရုံတက်လိုက်ရတဲ့ လူနာတွေအကြောင်း သတင်းရရှိထားတယ်လို့ FDA က ဆိုပါတယ်။
ကိုဗစ်ရောဂါကို အိုင်ဗာမက်တင်ဆေးနဲ့ကုသဖို့ကိစ္စကို အောက်စ်ဖို့ဒ်တက္ကသိုလ်မှ လေ့လာစမ်းသပ်နေပါတယ်။

စစ်ဆေးလေ့လာခြင်းကို လုပ်ဆောင်နေပြီဖြစ်ပြီး လေ့လာချက်ရလာဒ်မထွက်သေးခင် နောက်ထပ်ထုတ်ပြန်မှုတွေ ပြုလုပ်မှာမဟုတ်ကြောင်း သုတေသီတွေက တနင်္လာနေ့က ပြောကြားခဲ့ပါတယ်။

ငှက်ဖျားရောဂါကုသဆေး ဟိုက်ဒရော့ဆီကလိုရိုကွင်းအပါအဝင် စမ်းသပ်ဖန်ပြွန်ဖြင့်စမ်းသပ်ရာမှာ ထိရောက်ကြောင်းပြသနိုင်ခဲ့တဲ့ ကိုဗစ်ကုသရေးသောက်ဆေးတွေဟာ ကိုဗစ်လူနာတွေနဲ့ လက်တွေ့စမ်းသပ်လေ့လာရာမှာတော့ ထိရောက်မှုမရှိကြောင်း တွေ့ခဲ့ရပါတယ်။

Source: Reuters.