#WorldHealth
Published - 11 February 2022


နယူးယော့ခ်မြို့ရှိ အမြီးဖြူသမင်တွေမှာ အိုမီခရွန်မျိုးဗီဇကွဲတွေ့ရှိခဲ့ကြောင်း ဦးဆောင်သုတေသနပြုသူတစ်ဦးက အင်္ဂါနေ့က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။အမေရိကန်ပြည်ထောင်စုမှာ အိုမီခရွန်ကူးစက်မှုပေါင်း သန်း ၃၀ ခန့်ရှိနေပြီး နောက်ထပ်ကိုရိုနာဗိုင်းရပ်စ်မျိုးဗီဇကွဲ ဖြစ်ပေါ်လာမှာကိုစိုးရိမ်နေရပါတယ်။

နယူးယော့ခ်မြို့ စတာတန်ကျွန်းမြို့နယ်မှာ သမင် ၁၃၁ ကောင်ကို ဖမ်းဆီးခဲ့ပြီး သွေးနမူနာနဲ့ နှာခေါင်းတို့ဖတ်စတို့ကို စစ်ဆေးခဲ့ရာမှာ သမင်အကောင်ရေ ၁၅ ရာခိုင်နှုန်းနီးပါးလောက်က ဗိုင်းရပ်စ်ပဋိပစ္စည်း antibody တွေ ရှိနေကြောင်း ထွက်ပေါ်လာပါတယ်။

တိရိစာ္ဆန်တွေမှာ ကိုရိုနာဗိုင်းရပ်စ်တွေ ကူးစက်ခံရပြီးနောက် နောက်ထပ်မျိုးဗီဇကွဲအသစ်တွေ ကူးစက်နိုင်သေးကြောင်း ပန်ဆယ်လ်ဗေးနီးယားပြည်နယ်တက္ကသိုလ်မှ သိပ္ပံပညာရှင်များဦးဆောင်တဲ့ သုတေသီအဖွဲ့က ပြောသွားပါတယ်။

"တိရိစာ္ဆန်မျိုးနွယ်တစ်ခုမှာ ဗိုင်းရပ်စ်ကူးစက်ပြီဆိုရင် လူသားတွေထံကူးစက်လာဖို့ ဖြစ်နိုင်ချေများလာပါတယ်။ ဒီထက်ပိုဆိုးတာက ဗိုင်းရပ်စ်က မျိုးဗီဇကွဲအသစ်တွေအဖြစ် ဆင့်ကဲပြောင်းလဲလာနိုင်တာပဲဖြစ်ပါတယ်" လို့ တိရိစာ္ဆန်အထူးကုအဏုဇီဝပညာရှင် 'ဆူရက်ရှ်ကူချီပူဒီ'က ရှင်းပြခဲ့ပါတယ်။

"ဗိုင်းရပ်စ်က လုံးဝသန္ဓေပြောင်းလဲသွားတဲ့အခါ လက်ရှိကာကွယ်ဆေးတွေနဲ့ မကာကွယ်နိုင်တော့ပါဘူး။ အဲဒီအခါကျရင် ကာကွယ်ဆေးအသစ်တွေ ပြောင်းလဲထုတ်လုပ်ရမှာပါ"
အမေရိကန်ပြည်သူများအကြား အိုမီခရွန်မျိုးဗီဇကွဲ ကိုဗစ်ရောဂါကူးစက်မှုတွေ လျော့ပါးသွားတဲ့အချိန်မှာ တောရိုင်းတိရိစာ္ဆန်တစ်ကောင်တွင် ပထမဆုံးအကြိမ်အိုမီခရွန်မျိုးဗီဇကွဲကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ဗိုင်းရပ်စ်က တိရိစာ္ဆန်တွေကနေ လူသားတွေဆီ ကူးစက်နိုင်တယ်ဆိုတဲ့ အထောက်အထားတွေ မတွေ့ရဘဲ ကိုဗစ်ရောဂါကူးစက်ထားတဲ့လူသားနဲ့ အနီးကပ်ထိတွေ့ရတဲ့ တိရိစာ္ဆန်မျိုးနွယ်တွေမှာတော့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို အများဆုံးတွေ့နေရပါတယ်။

ဩဂုတ်လက အိုဟိုင်ယိုပြည်နယ်ရှိ တောရိုင်းသမင်တစ်ကောင်မှာ ကိုဗစ်ရောဂါကူးစက်မှုကို ပထမဆုံးဖြစ်ရပ်အဖြစ်တွေ့ရှိခဲ့ပါတယ်။ဗီဇပြောင်းလဲမှုများစွာဖြစ်ပေါ်ထားတဲ့ အိုမီခရွန်မျိုးဗီဇကွဲမပေါ်လာခင် ဒယ်လ်တာမျိုးဗီဇကွဲကူးစက်မှု အဖြစ်များနေတဲ့အချိန်တုန်းက သမင်တွေဆီကနေ နမူနာများရယူကာ လေ့လာခဲ့တာဖြစ်ပါတယ်။

ဒီမတိုင်ခင်က ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့တဲ့ တိရိစာ္ဆန်တွေထဲမှာ ခွေး၊ ကြောင်၊ ကျား၊ ခြင်္သေ့၊ နှင်းကျားသစ်၊ ဖျံ၊ မျောက်ဝံနဲ့ မြွေပါကတိုးသတ္တဝါများ ပါဝင်ထားပါတယ်။
Source: The Jerusalem Post