#WorldHealth
Published - 10 February 2022

တရုတ်နိုင်ငံကဲ့သို့ ကိုဗစ်ရောဂါစည်းကမ်းတင်းကျပ်ထားတဲ့နေရာတွေမှာ ပုံမှန်အတိုင်းသွားလာလှုပ်ရှားခွင့်ပြုလိုက်ပါက တစ်နှစ်အတွင်း သေဆုံးသူ ၂ သန်းခန့်ရှိလာနိုင်ကြောင်း၊ ဗိုင်းရပ်စ်ကိုထိန်းချုပ်ရာမှာ အရေးကြီးတာက ရောဂါကူးစက်မှုကို ထိရောက်စွာကာကွယ်ပေးနိုင်တဲ့ ကိုဗစ်ကာကွယ်ဆေးတွေထုတ်လုပ်ဖို့ဖြစ်ကြောင်း တရုတ်သုတေသီများက ပြောပြခဲ့ပါတယ်။

ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကို ဘေကျင်းမှာလက်ခံကျင်းပမှာဖြစ်တာကြောင့် လတ်တလောမှာ တရုတ်နိုင်ငံရဲ့ ကိုဗစ်ကန့်သတ်ချက်စည်းကမ်းတွေကို စောင့်ကြည့်လေ့လာနေကြပါတယ်။

ရောဂါကူးစက်မှုအန္တရာယ်က များလွန်းပြီး အစုလိုက်အပြုံလိုက်ကူးစက်မှုတွေဖြစ်လာရင် ကျန်းမာရေးစနစ်ကို ဖိအားတွေကျရောက်လာမှာဖြစ်တဲ့အတွက် ထိန်းချုပ်ကန့်သတ်ချက်တွေကို ကြပ်ကြပ်မတ်မတ်ပြုလုပ်ဖို့ တရုတ်သိပ္ပံပညာရှင်တွေနဲ့ ပြည်သူ့ကျန်းမာရေးဆရာဝန်တွေက ထပ်ခါထပ်ခါ မှာကြားနေကြပါတယ်။

သုတေသီတို့က ချီလီနိုင်ငံမှာ ကိုရိုနာဗက်ကာကွယ်ဆေးအသုံးပြုခြင်းနဲ့ ဗြိတိန်မှာ ဖိုင်ဇာနဲ့ အက်စ်ထရာဇန်နီကာ ကာကွယ်ဆေးအသုံးပြုခြင်း ဖြစ်ရပ်တွေမှာ ကိုဗစ်ကာကွယ်ဆေးတွေရဲ့ အနိမ့်ဆုံးကာကွယ်နိုင်စွမ်းကို လေ့လာတွက်ချက်ခဲ့ကြပါတယ်။

ကာကွယ်ဆေးရဲ့ ကိုဗစ်ရောဂါလက္ခဏာဖြစ်ပေါ်လာမှု အနိမ့်ဆုံးကာကွယ်နိုင်စွမ်းက ၆၈.၃ ရာခိုင်နှုန်းဖြစ်ကာ လက်ရှိကာကွယ်ဆေးတွေရဲ့ အသက်သေဆုံးမှုကို အနိမ့်ဆုံးကာကွယ်နိုင်စွမ်းက ၈၆ ရာခိုင်နှုန်းဖြစ်ပါတယ်။

ကူးစက်မှုကာကွယ်နိုင်စွမ်းကို ဗြိတိန်နိုင်ငံရဲ့ အချက်အလက်တွေအပေါ် အခြေခံကာတွက်ချက်ထားတာဖြစ်ပြီး ရောဂါလက္ခဏာပေါ်လာမှုနဲ့ သေဆုံးမှုကာကွယ်နိုင်စွမ်းကိုတော့ ချီလီနိုင်ငံမှာအသုံးပြုတဲ့ ကိုရိုနာဗက်ကာကွယ်ဆေးအပေါ် အခြေခံထားတာဖြစ်ပါတယ်။

တစ်ကမ္ဘာလုံးအတိုင်းအတာမှာ ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးစီးမှု ၉၅ ရာခိုင်နှုန်းရှိရင်တောင် ၂၀၁၉ ခုနှစ်ကလို ပုံမှန်အတိုင်းသွားလာလှုပ်ရှားခွင့်ပြုလိုက်ပါက ကိုဗစ်ရောဂါစည်းကမ်းတင်းကျပ်ထားတဲ့နေရာတွေမှာလည်း တစ်နှစ်အတွင်းကူးစက်မှု ၂၃၄ သန်းကျော်ဖြစ်ပွားနိုင်ကာ ရောဂါဖြစ်ပွားမှု ၆၄ သန်းနဲ့ အသက်သေဆုံးသူ ၂ သန်းခန့်ရှိနိုင်ကြောင်း သုတေသီတို့က ခန့်မှန်းလိုက်ပါတယ်။

ကာကွယ်ဆေးကိုထုတ်လုပ်ရာမှာ ရောဂါကူးစက်မှုကို ထိရောက်စွာကာကွယ်နိုင်တဲ့ဆေးမျိုး တီထွင်နိုင်ဖို့ နည်းလမ်းရှာရမှာဖြစ်တယ်လို့ ဆိုပါတယ်။

ပုံမှန်သွားလာခွင့်ပြုပြီးနောက်ပိုင်းအထိ ကိုဗစ်ရောဂါဖြစ်ပွားမှုကို လျှော့ချနိုင်ဖို့ဆိုရင် ရောဂါကူးစက်မှုကို ကာကွယ်နိုင်စွမ်းက ၄၀ ရာခိုင်နှုန်းများလာဖိုလိုအပ်ပြီး ရောဂါလက္ခဏာပေါ်မှုကို ကာကွယ်နိုင်စွမ်းက ၉၀ ရာခိုင်နှုန်း များလာဖိုလိုအပ်ပါတယ်။

တရုတ်နိုင်ငံဟာ ကိုဗစ်စည်းကမ်းတင်းကျပ်ထားတဲ့ တစ်ခုတည်းသော စီးပွားရေးအင်အားကြီးနိုင်ငံကြီးဖြစ်ကာ စီးပွားရေးတိုးတက်မှုကို ထိခိုက်လာနိုင်တယ်လို့ သတိပေးထားကြပါတယ်။

"အရင်ကတော့ ကိုဗစ်ရောဂါကို ကာကွယ်ဆေးနဲ့ ထိန်းချုပ်လို့ရမယ်လို့ထင်ခဲ့ပေမယ့် အခုတော့ တင်းကျပ်တဲ့ကန့်သတ်ချက်တွေနဲ့သာ ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်" လို့ ကူးစက်ရောဂါပညာရှင်ကြီး 'ဝူကျွန်ယူ'က တနင်္ဂနွေနေ့က ပြောကြားလိုက်ပါတယ်။
Source: The Jerusalem Post