#WorldBusiness
Published - 9 February 2022
Meta ကုမ္ပဏီနဲ့ ဥရောပသမဂ္ဂတို့ နောက်ထပ်တစ်ခါ ထိပ်တိုက်တွေ့ဆုံရဖွယ် ရှိနေပါတယ်။
ဥရောပသမဂ္ဂမှ လူမှုကွန်ရက်အချက်အလက်တွေကို အမေရိကန်သို့ ပြန်မပို့ပေးဖို့ စည်းမျဉ်းဥပဒေထုတ်ပြန်လိုက်ပါက ဥရောပရှိလူမှုကွန်ရက်ဝန်ဆောင်မှုတွေကို ရပ်ဆိုင်းသွားမှာဖြစ်ကြောင်း ကမ္ဘာကျော်နည်းပညာကုမ္ပဏီ Meta က နှစ်ပတ်လည်အစီရင်ခံစာမှာ ကြာသပတေးနေ့က ပြောကြားခဲ့ပါတယ်။

ဥရောပသမဂ္ဂမှ သုံးစွဲသူအချက်အလက်များကို အမေရိကန်ဆာဗာတွေကနေ မျှယူသုံးစွဲနိုင်တဲ့ အပြန်အလှန်သဘောတူညီချက် SCC ဟာ တရားမဝင်ဘူးလို့ အိုင်ယာလန်မှ အချက်အလက်စောင့်ကြည့်ကာကွယ်ရေးအဖွဲ့က Meta ကုမ္ပဏီကို ၂၀၂၀ စက်တင်ဘာလက သတိပေးခဲ့ဖူးပါတယ်။

၂၀၂၂ ခုနှစ် ပထမ ၆ လအတွင်း SCC သဘောတူညီချက်ကို ဆက်လက်အသုံးပြုနိုင်ခြင်းရှိမရှိအပေါ် အပြီးသတ်ဆုံးဖြတ်ချက်ပေးသွားဖို့ Meta ကမျှော့်လင့်နေပါတယ်။
အတ္တလန်တစ်ဒေသတလျှောက် အချက်အလက်ပို့ဆောင်လွှဲပြောင်းရေးပုံစံက မကိုက်ညီဘဲ SCC သဘောတူညီချက်တွေအတိုင်း လုပ်ဆောင်ခွင့်မရဘူးဆိုရင် ဖေ့စ်ဘွတ်ခ်နဲ့အင်စတာဂရမ်အပါအဝင် ကျွန်တော်တို့ရဲ့ နာမည်ကြီးဝန်ဆောင်မှုလုပ်ငန်းတွေကို ဥရောပမှာ ဆက်လက်လုပ်ဆောင်သွားမှာမဟုတ်ပါဘူးလို့ Meta က ဖော်ပြခဲ့ပါတယ်။

ဥရောပသမဂ္ဂနဲ့ အမေရိကန်တို့ကြား အချက်အလက်မျှယူသုံးစွဲရေးဆောင်ရွက်ချက်ဖြစ်တဲ့ Privacy Shield ကို ဥရောပတရားရုံးက တရားမဝင်ကြောင်း သတ်မှတ်ခဲ့ပြီးနောက် အိုင်ယာလန်စောင့်ကြည့်ကာကွယ်ရေးအဖွဲ့က အခုလိုသတိပေးလိုက်တာဖြစ်ပါတယ်။

အမေရိကန်ရဲ့ အချက်အလက်စောင့်ကြည့်ရေးစနစ်က ဥရောပသမဂ္ဂအချက်အလက် ကာကွယ်ရေးစံနှုန်းများနဲ့ မကိုက်ညီဘူးဆိုကာ Privacy Shield ကို ပယ်ချလိုက်တာဖြစ်ပါတယ်။

Privacy Shield သဘောတရားအရ SCC ကို အခြားနိုင်ငံများနဲ့ အချက်အလက်လွှဲပြောင်းပေးဖို့ ထောက်ခံထားတာဖြစ်ပေမယ့် ထိုနိုင်ငံများရဲ့ အချက်အလက်ကာကွယ်ရေးဥပဒေများက ဥရောပသမဂ္ဂစည်းမျဉ်းများနဲ့ ကိုက်ညီရမယ်လို့ ဆိုခဲ့ပါတယ်။

"Meta က သူတို့ရဲ့ အချက်အလက်ကာကွယ်ရေးစံနှုန်းများကို လက်လျှော့ပြီး ဥရောသမဂ္ဂကို ခြိမ်းခြောက်လာလို့မရပါဘူး။ သူတို့ပဲဆုံးရှုးမှုတွေ ကြုံတွေ့ရမှာဖြစ်ပါတယ်" လို့ ဥရောပပါလီမန်မှ 'အိက်ဇဲဗော့စ်'က အင်္ဂါနေ့က တွစ်တာကနေ သတိပေးလိုက်ပါတယ်။

၂၀၂၁ ခုနှစ်အတွက် Meta ကုမ္ပဏီရဲ့အမြတ်ငွေ ၂၄ ရာခိုင်နှုန်းခန့်က ဥရောပကနေရရှိထားတာဖြစ်ပါတယ်။Meta မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက Insider ကိုပြောကြားရာမှာ "ဥရောပကနေ ဆုတ်ခွာဖို့တော့ အစီအစဉ်မရှိပါဘူး။ ဒါပေမဲ့ Meta နဲ့ အခြားစီးပွားရေးလုပ်ငန်းတွေ၊ အဖွဲ့အစည်းတွေ၊ ဝန်ဆောင်မှုတွေက ကမ္ဘာအနှံ့မှာ ဝန်ဆောင်မှုပေးနိုင်ဖို့ ဥရောပသမဂ္ဂနဲ့ အမေရိကန်ကြား အချက်အလက်မျှယူသုံးစွဲခြင်းကို မှီခိုနေရပါတယ်" လို့ ဆိုပါတယ်။

စီးပွားရေးလုပ်ငန်းတွေက ရေရှည်မှာ အချက်အလက်သုံးစွဲရေးကို ကာကွယ်ဖို့ တိကျရှင်းလင်းတဲ့စည်းမျဉ်းဥပဒေတွေ လိုအပ်ပါတယ်။ဥရောပရှိ လုပ်ငန်းခွင်တွေက ဆက်လက်တိုးတက်နေတာဖြစ်တဲ့အတွက် အဲဒီလုပ်ငန်းခွင်တွေအပေါ် သက်ရောက်မှုတွေကို မျက်ခြေမပြတ်စောင့်ကြည့်နေကြပါတယ်လို့ ပြောသွားပါတယ်။
Source: Business Insider