#WorldPolitics
Published - 1 February 2022


လက်ရှိဖြစ်ပျက်နေတဲ့ ယူကရိန်းအရေးနဲ့ ပတ်သက်ပြီး အ‌မေရိကန်နဲ့ရုရှားတို့ တွေ့ဆုံဆွေး‌နွေးပြီးနောက် အမေရိကန်တို့က ရုရှားထံ စာဖြင့်ရေးသားဖြေကြားခဲ့ပြီး ရက်ပိုင်းအကြာမှာပဲ ရုရှားတို့ကလည်း အမေရိကန်ဆီသို့စာဖြင့် ပြန်လည်တုန့်ပြန်ရေးသားခဲ့ပါတယ်။

အခုလို ရေးသားပေးပို့ခြင်းက ရုရှားတိုစစ်ရေးကျူးကျော်မှု ပြုလုပ်လာနိုင်မှုအပေါ်မူတည်ပြီး သံတမန်ရေးဆွေးနွေးမှုများ ညှိနှိင်းပြုလုပ်ခဲ့သည့် နောက်ဆုံးရအခြေအနေတွေ ဖြစ်ပါတယ်။

အဲဒီနောက် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်နဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗ်ရော့ဗ်တို့က အင်္ဂါနေ့မှာဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးသွားဦးမှာ ဖြစ်ပါတယ်။
နိုင်ငံခြားရေးဌာနမှ အကြီးတန်းအရာရှိနဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ရုရှားထံမှ အကြောင်းပြန်စာရရှိထားကြောင်း တနင်္လာနေ့က အတည်ပြုလိုက်ပါတယ်။

"လူသိရှင်ကြား ထုတ်ပြောနေလို့ ဘာမှမထူးခြားပါဘူး။ ဆွေးနွေးမှုလုပ်မလုပ်က ရုရှားတို့အပေါ်ပဲမူတည်ပါတယ်။ ကျွန်တော်တို့ကတော့ ဒီပြဿနာတွေကို‌ဖြေရှင်းဖို့ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပြီး ယူကရိန်းအပါအဝင် ကျွန်တော်တို့ရဲ့ မဟာမိတ်တွေနဲ့လည်း နီးနီးကပ်ကပ် တိုင်ပင်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်"

အမေရိကန်ရဲ့ တုန့်ပြန်ဖြေကြားမှုကို ရုရှားက အများသိအောင်ဖြေကြားရာမှာ အ‌မေရိကန်က စစ်လက်နက်ထိန်းချုပ်ကန့်သတ်ရေးကို ဆောင်ရွက်ချင်နေပေမယ့် နေတိုး(NATO)အဖွဲ့ရဲ့ စစ်အင်အားတိုးချဲ့လာမှုကို ထိန်းချုပ်ပေးဖို့ကိုတော့ ငြင်းဆန်နေတဲ့လေသံပေါက်နေကြောင်း ဖော်ပြခဲ့ပါတယ်။

ယူကရိန်းအရေးနဲ့ပတ်သက်ပြီး အမေရိကန်နဲ့ရုရှားတို့ မလွှဲမရှောင်သာ ထိပ်တိုက်တွေ့ဆုံနေခဲ့ရာ ရုရှားတို့ရဲ့စစ်ရေးတင်းမာမှုတွေကိုဖြေရှင်းဖို့ တနင်္လာနေ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီက အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ကြပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် လင်ဒါသောမတ်စ်ဂရင်းဖီးလ်က "ဘီလာရုစ်နဲ့ ယူကရိန်းနယ်စပ်တို့မှာ ရုရှားစစ်အင်အားသောင်းဂဏန်းချီပြီး နေရာချထားခြင်းအပေါ် အမေရိကန်တို့ရဲ့ စွပ်စွဲချက်နဲ့ပတ်သက်ပြီး ရုရှားတိုဖြေရှင်းချက်ပေးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ဒီအစည်းအဝေးကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ကျွန်မတို့အားလုံးမျှော်လင့်နေတဲ့ အဖြေမျိုး ရုရှားဘက်က မထုတ်ပြန်ခဲ့ပါဘူး" လို့ ပြောသွားခဲ့ပါတယ်။

တရုတ်နဲ့ရုရှားတို့ရဲ့ ဆန့်ကျင်မှုတွေ ရှိ‌နေပေမယ့် နယူးယော့ခ်ရှိ ကုလဌာနချုပ်မှာ တနင်္လာနေ့က အစည်းအဝေးပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်မှ တာဝန်ရှိသူတွေက ရုရှားအား သံတမန်ရေးရာလမ်းကြောင်းကို ရွေးချယ်ဖို အကြိမ်ကြိမ်တိုက်တွန်းခဲ့ပါတယ်။

ယူကရိန်းကိုထပ်မံကျူးကျော်ပါက ပြင်းထန်ထိရောက်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို အလျင်အမြန် ချမှတ်သွားမှာဖြစ်ကြောင်း သမ္မတဂျိုးဘိုင်ဒန်က အစည်းအဝေးမှာ ထပ်မံပြောကြားလိုက်ပါတယ်။
Source: CNN