#WorldHealth

Published 1 January 2022

 

Johnson & Johnson ကိုဗစ်ကာကွယ်ဆေး ၂ ကြိမ်ထိုးနှံခြင်းဖြင့် တောင်အာဖရိကမှာ အိုမီခရွန်မျိုးဗီဇကွဲကူးစက်မှုကြောင့် ဆေးရုံတက်ကုသခံရမှုကို ၈၅ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ကြောင်း တွေ့ရှိခဲ့ကြပြီး ကာကွယ်ဆေးကိုသာ မှီခိုအားထားနေရတဲ့ အာဖရိကအတွက် အရေးပါတဲ့တွေ့ရှိချက်ဖြစ်လာခဲ့ပါတယ်။

 

ကမ္ဘာတဝန်းမှာ အိုမီခရွန်ကူးစက်မှုမြင့်တက်လာပြီး နေ့စဉ်ရောဂါကူးစက်မှုနှုန်းတွေ အလွန်များပြားလာတာကြောင့် အခုလိုတွေ့ရှိချက်က စိတ်သက်သာရာရစေမှာဖြစ်ပါတယ်။တွေ့ရှိထားတဲ့ အချက်အလက်တွေအရ အိုမီခရွန်မျိုးဗီဇကွဲဟာ သန္ဓေပြောင်းလဲမှုများဖြစ်ပေါ်လာတဲ့ ဗိုင်းရပ်စ်ဖြစ်ပြီး ကာကွယ်ဆေးကရတဲ့ antibody ခုခံအားတွေကို ရှောင်ရှားသွားနိုင်တယ်လို့ သိထားပါတယ်။

 

အိုမီခရွန်ကူးစက်မှုတွေဟာ များပြားလာပေမယ့် ဘာလို့ဆေးရုံတက်ကုသခံယူမှုနှုန်းနဲ့ အသက်သေဆုံးမှုနှုန်းတွေ မြင့်တက်မလာတာလဲဆိုတာကို ရှင်းပြသွားပါတယ်။Johnson & Johnson ကိုဗစ်ကာကွယ်ဆေးအရင်ထိုးထားတဲ့သူတွေကို booster အားမြှင့်ကာကွယ်ဆေးထိုးပြီး ရက်သတ္တပတ်တွေ လတွေကြာတဲ့အခါမှာ ရောဂါကာကွယ်နိုင်စွမ်း မြင့်တက်လာကြောင်း တောင်အာဖရိကဆေးသုတေသနကောင်စီက လေ့လာတွေ့ရှိထားပါတယ်။

 

ဒုတိယအကြိမ် ကာကွယ်ဆေးထိုးထားတဲ့သူတွေက ၁ လမှ ၂ လအကြာမှာ ဆေးရုံတက်ကုသခံယူမှုကို ၈၅ ရာခိုင်နှုန်းလျှော့ချပေးပြီး ပြီးခဲ့တဲ့ ၂ ပတ်အတွင်း booster အားမြှင့်ကာကွယ်ဆေးထိုးထားတဲ့သူတွေမှာတော့ ၆၃ ရာခိုင်နှုန်းလျှော့ချပေးနိုင်ပါတယ်။ဒီရလာဒ်တွေက အရေးကြီးသလို စိတ်ချရတဲ့အချက်အလက်တွေဖြစ်ကြောင်း တောင်အာဖရိကဆေးသုတေသနကောင်စီမှာ ဥက္ကဌဖြစ်သူ ဂလန်ဒါဂရေးက ဆိုလိုက်ပါတယ်။

 

ဒီလေ့လာတွေ့ရှိမှုကြီးက တမ္ဘာလုံးအတိုင်းအတာနဲ့ တွက်ချက်ထားတာဖြစ်တာကြောင့် အသုံးဝင်တဲ့တွေ့ရှိဖြစ်တယ်လို့ ဂလန်ဒါက တယ်လီဖုန်းအင်တာဗျူးတစ်ခုမှာ ပြောကြားလိုက်ပါတယ်။ယခုနှစ်အစောပိုင်းက တောင်အာဖရိကနိုင်ငံအတွင်း ကာကွယ်ဆေးထိုးနှံရေးအစီအစဉ်မစခင်မှာ စမ်းသပ်ချက်အစိတ်အပိုင်းတစ်ခုအနေနဲ့ တောင်အာဖရိကရှိ ကျန်းမာရေးဝန်ထမ်း သန်းတဝက်ခန့်နီးပါးကို Johnson & Johnson ကာကွယ်ဆေးထိုးပေးခဲ့ပါတယ်။

 

နိုဝင်ဘာလမှာ အဲဒီကာကွယ်ဆေးကိုပဲ booster အားမြှင့်ကာကွယ်ဆေးအနေနဲ့ ထိုးပေးခဲ့ကြပါတယ်။တောင်အာဖရိကမှာ အိုမီခရွန်ကူးစက်မှု အများဆုံးဖြစ်ခဲ့တဲ့ နိုဝင်ဘာ ၈ ရက်နေ့မှ ဒီဇင်ဘာ ၁၇ ရက်နေ့အတွင်း ဆေးရုံတက်ကုသခံယူမှုတွေကို သုတေသီတို့က ခြေရာခံလေ့လာခဲ့ကြပါတယ်။

 

Johnson & Johnson ကာကွယ်ဆေးထိုးထားတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ကာကွယ်ဆေးမထိုးထားတဲ့ ဝန်ထမ်းပေါင်း ၆၉,၀၉၂ ဦးကို နှိုင်းယှဉ်လေ့လာခဲ့ကြပါတယ်။အဲဒီထဲကမှ ကာကွယ်ဆေးမထိုးထားဘဲ ဆေးရုံတက်ကုသခံယူရတဲ့သူတွေက ၇၁၃ ဦး၊ ၂ ပတ်အတွင်း booster အားမြှင့်ကာကွယ်ဆေးထိုးပြီး ဆေးရုံတက်ကုသခံရတဲ့သူတွေက ၁၀ ဦး၊ ၁ လအတွင်း booster အားမြှင့်ကာကွယ်ဆေးထိုးပြီး ဆေးရုံတက်ကုသခံရတဲ့သူတွေက ၈ ဦးနဲ့ ၁ လအကျော်က booster ထိုးခဲ့ပြီး ဆေးရုံတက်ကုသခံရတဲ့သူတွေက ၃ ဦး အသီးသီးရှိခဲ့ပါတယ်။

 

Johnson & Johnson ကာကွယ်ဆေး ပထမအကြိမ်ထိုးပြီး ၆ လမှ ၉ လအကြာမှာ ဒုတိယအကြိမ်ထိုးနှံခြင်းက အိုမီခရွန်ကူးစက်မှုကြောင့် ရောဂါပြင်းထန်စွာခံစားရမှုကို ကာကွယ်ပေးနိုင်တယ်လို့ medRxiv.org မှာဖော်ပြထားပါတယ်။ဒီဇင်ဘာလဝက်အထိ Johnson & Johnson ကိုဗစ်ကာကွယ်ဆေး သန်း ၂၀၀ ကျော်ကို ကမ္ဘာတဝန်းထံ တင်ပို့ခဲ့ပြီး သတ္တမမြောက် အထိုးအများဆုံးကာကွယ်ဆေးဖြစ်နေကြောင်း ကျန်းမာရေးသုံးသပ်လေ့လာရေးကုမ္ပဏီ Airfinity က ဖော်ပြထားပါတယ်။

 

အဆိုပါလေ့လာစမ်းသပ်မှုကို အစိုးရအပြင် the Solidarity Response Fund NPC, The Michael & Susan Dell Foundation, The Elma Vaccines and Immunization Foundation နဲ့ the Bill & Melinda Gates Foundation တို့က ငွေကြေးထောက်ပံ့ပေးထားတာဖြစ်ပါတယ်။

Source: The Straits Times.

#Yangon_Media_Group