Published 1 November 2021

ဖိုင်ဇာ-ဘိုင်အိုအင်န်တက်ခ် ကိုဗစ်ကာကွယ်ဆေးကို အသက် ၅ နှစ်မှ ၁၁ နှစ်ကြားကလေးငယ်တွေမှာ ထိုးနှံခွင့်ပြုလိုက်ပြီဖြစ်ကြောင်း အမေရိကန်အစားအစာနဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့ (FDA)က သောကြာနေ့မှာကြေညာလိုက်ပါတယ်။

ဒီအတွက်ကြောင့် အမေရိကန်ပြည်မှာ ကလေးငယ်တွေအတွက် ထိုးနှံခွင့်ပေးတဲ့ ပထမဦးဆုံး ကိုဗစ်ကာကွယ်ဆေးဖြစ်လာပါတယ်။

ကာကွယ်ဆေးကို အခုချက်ချင်းထိုးနှံလို့ ရဦးမှာတော့မဟုတ်ပါဘူး။ အဖွဲ့အစည်းပြင်ပမှ ပညာရှင်တွေက ကလေးတွေမှာ ကာကွယ်ဆေးကိုဘယ်လိုဘယ်ပုံ ထိုးနှံရမလဲဆိုတာကို လာမယ့်အင်္ဂါနေ့မှာ ဆွေးနွေးဖို့စီစဉ်ထားပါတယ်။

အဲဒီနောက်မှ အမေရိကန်ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာ (CDC) က ဘယ်လိုထိုးနှံသင့်သလဲဆိုတာကို အကြံပြုသွားမှာဖြစ်ပါတယ်။

ကလေးတွေအတွက် ကာကွယ်ဆေးတွေကို စနေနေ့မှာ စတင်ပို့ဆောင်သွားမှာဖြစ်ပြီး ဆေးပေးခန်းတွေ ကလေးအထူးကုဆေးခန်းတွေနဲ့ ကာကွယ်ဆေးထိုးလို့ရမယ့် နေရာတွေကို ပို့ဆောင်သွားမှာဖြစ်တယ်လို့ ဖိုင်ဇာက ပြောသွားပါတယ်။

အမေရိကန်က စာသင်ကျောင်းတွေမှာ တက်ရောက်သင်ကြားနေတဲ့ ကလေးငယ် ၂၈ သန်းအတွက် ကိုဗစ်ကာကွယ်ဆေးရရှိဖို့ FDA ကမျှော်လင့်နေပါတယ်။

အင်္ဂါနေ့က ကာကွယ်ဆေးကိုခွင့်ပြုပေးဖို့ အကြံပေးအဖွဲ့က မဲအပြတ်အသတ်ရရှိထားတာကြောင့် ဒီလိုအစီအစဉ်တွေ ပေါ်ထွက်လာတာဖြစ်ပါတယ်။

တရုတ် ကျူးဘား ယူအေအီးအပါအဝင် အခြားနိုင်ငံအနည်းငယ်ကသာ ကလေးငယ်လေးတွေမှာ ကိုဗစ်ကာကွယ်ဆေးထိုးဖို့ စီစဉ်နေကြတာဖြစ်ပါတယ်။

ကလေးငယ်တွေမှာ ဖိုင်ဇာကာကွယ်ဆေး ၁၀ မီလီဂရမ်ထိုးနှံဖို့ ခွင့်ပြုထားပြီး အသက် ၁၂ နှစ်နဲ့အထက် ကလေးတွေမှာ ၃၀ မီလီဂရမ်အောက်ထိုးပေးဖို့ အကြံပြုထားပါတယ်။

အသက် ၅ နှစ်မှ ၁၁ နှစ်အတွင်းကလေးတွေမှာ ဖိုင်ဇာကာကွယ်ဆေးထိုးလို့ ရရှိမယ့်အကျိုးအာနိသင်တွေက ဖြစ်ပေါ်လာနိုင်မယ့်ဘေးထွက်အန္တရာယ်ထက် သာလွန်နေတယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။

"လူကြီးမိဘတွေက သူတို့ရဲ့ကလေးတွေကို မပူပန်ရဘဲ သွားလာလှုပ်ရှားမှုတွေပြုလုပ်နိုင်အောင်နဲ့ အကာအကွယ်ပေးနိုင်အောင် ကာကွယ်ဆေးထိုးပေးချင်ကြမယ်လို့ ထင်ပါတယ်။ ကလေးတွေကို ကာကွယ်ဆေးထိုးစေချင်တဲ့လူကြီးတွေ ပိုများလာပါလိမ့်မယ်"လို့ FDA မှ ဒေါက်တာဂျဲနက်ဝုဒ်ကော့က ဆိုပါတယ်။

အသက် ၅ နှစ်မှ ၁၁ နှစ်အတွင်းကလေးငယ်တွေကို ဖိုင်ဇာ-ဘိုင်အိုအင်န်တက်ခ် ကာကွယ်ဆေးနဲ့ စမ်းသပ်ရာမှာ ၉၀.၇ ရာခိုင်နှုန်းအထိ ထိရောက်မှုရှိတယ်လို့ ဖော်ပြထားပါတယ်။

Source: Reuters