#World_Science
Published_ 2 June 2023

ခန္ဓာကိုယ်တွင်း ဆေးရောက်ရှိရန် ခက်ခဲတဲ့နေရာတွေထံ ရောက်ရှိစေဖို့ သေးငယ်ပြီးကိုယ်တိုင်တိုက်ထုတ်နိုင်တဲ့ မိုက်ခရိုရိုဘော့များကို ဆရာဝန်များမကြာခင် အသုံးချနိုင်တော့မှာဖြစ်ပါတယ်။

ကိုလိုရာဒိုဘိုလ်ဒါတက္ကသိုလ်မှ သုတေသီတွေက အရည်မှတဆင့် လျင်မြန်စွာဖြတ်သန်းနိုင်ပြီး နာမကျန်းမှုများနဲ့ ရောဂါများကို ကုသပေးနိုင်တဲ့ မိုက်ခရိုရိုဘော့များကို ဖန်တီးနေကြပါတယ်။

အဆိုပါမိုက်ခရိုရိုဘော့များဖြင့် ခန္ဓာကိုယ်မှာ ထိုးဖောက်ဝင်ရောက်ခြင်းမရှိဘဲ ခွဲစိတ်မှုတွေပြုလုပ်နိုင်မှာဖြစ်ကြောင်း ဓာတုနဲ့ ဇီဝအင်ဂျင်နီယာဌာနမှ ပါရဂူဘွဲ့လွန်သုတေသီ'ဂျင်လီ'က ပြောပြခဲ့ပါတယ်။

ဖြတ်တောက်စရာမလိုဘဲ ရိုဘော့တွေကို ဆေး ဒါမှမဟုတ် ထိုးဆေးကနေ ခန္ဓာကိုယ်ထဲထည့်သွင်းနိုင်မှာဖြစ်ပြီး သူတို့ဘာသာ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

မိုက်ခရိုရိုဘော့တွေဟာ ၂၀ မိုက်ခရိုမီတာအချင်းသာရှိပြီး အလွန်လျင်မြန်စွာ ဆောင်ရွက်နိုင်ပါတယ်။

လူ့ဆံပင်ထက် အဆပေါင်းများစွာသေးငယ်ကာ တစ်စက္ကန့်ကို ၃ မီလီမီတာခန့်ဖြင့် သွားလာနိုင်ကာ နှိုင်းဆမြန်နှုန်းအရဆိုရင် ချီတာကျားသစ်တွေထက် ပိုမိုမြန်ဆန်ပါတယ်။

စမ်းသပ်လေ့လာချက်မှာတော့ စတီးရွိုက်ဆေးဖြစ်တဲ့ ဒက်ဆာမက်သာဆုန်းကို မိုက်ခရိုရိုဘော့များဖြင့် သယ်ဆောင်စေကာ ဓာတ်ခွဲခန်းကြွက်တွေရဲ့ ဆီးအိမ်ဆီ ပို့ဆောင်စေခဲ့ပါတယ်။

အောင်မြင်တဲ့ရလဒ်များအရ မိုက်ခရိုရိုဘော့တွေဟာ ဆီးအိမ်ရောဂါများနဲ့ အခြားရောဂါများကို ကုသရာမှာ အရေးပါတဲ့အရာ ဖြစ်နိုင်ဖွယ်ရှိနေပါတယ်။

ဆီးအိမ်နာကျင်ခြင်းဝေဒနာဟာ လူသန်းပေါင်းများစွာမှာ ဖြစ်ပွားနေပြီး ကုသရာမှာလည်း အလွန်နာကျင်ရပါတယ်။

အခု မိုက်ခရိုရိုဘော့တွေ ထွက်ပေါ်လာရင်တော့ သက်သာလာနိုင်ဖွယ်ရှိနေပါတယ်။
Source: WION
#World_Science #လူ့ဆံပင်ထက်သေးငယ်သည့်မိုက်ခရိုရိုဘော့
#YMG #Yangon_Media_Group