#World_News
Published_ 14 April 2023

အမေရိကန်နဲ့ မဟာမိတ်များကို ကမ္ဘာမှာအရှက်ရစေတဲ့ ထိပ်တန်းလျှို့ဝှက် အရေးကြီးအချက်အလက်များ အွန်လိုင်းပေါက်ကြားခဲ့တဲ့ကိစ္စအတွက် အသက် ၂၁ နှစ်အရွယ်အမေရိကန်လေကြောင်းစောင့်ကြပ်ရေးအဖွဲ့ဝင် 'ဂျက်ခ်ဒေါက်ဂလပ်စ်တက်ဆယ်ရာ'ကို FBI က ကြာသပတေးနေ့မှာ ဖမ်းဆီးလိုက်ပါတယ်။

စစ်ရေးကိရိယာများဝတ်ဆင်ထားတဲ့ ဖက်ဒရယ်လ်အေးဂျင့်တွေက သံချပ်ကာကားဖြင့် ဘော့စ်တွန်တောင်ပိုင်း မိုင် ၅၀ အကွာ မာဆာချူဆက်စ် ဒိုက်တန်မြို့ရှိ နေအိမ်မှာ အိမ်နေရင်းအဝတ်အစားဝတ်ထားတဲ့ တက်ဆယ်ရာထံကို ရောက်ရှိလာခဲ့ကြပါတယ်။

သတင်းပေါက်ကြားမှု ကျယ်ကျယ်ပြန့်ပြန့်ထွက်ရှိလာပြီးနောက် တစ်ပတ်အကြာမှာ အခုလိုဖမ်းဆီးခဲ့တာဖြစ်ပြီး ဒီလိုပေါက်ကြားမှုကြောင့် ထိခိုက်ရတဲ့အခြေအနေတွေကို အမေရိကန်က ထုတ်ဖော်ပြောကြားထားပါတယ်။

ထိုပေါက်ကြားမှုတွေထဲမှာ အမေရိကန်က သူ့ရဲ့မဟာမိတ်တွေကို လျှို့ဝှက်ထောက်လှမ်းတာတွေ ပါဝင်နေတာကြောင့် အရှက်ရစရာဖြစ်ခဲ့ပြီး ယူကရိန်းစစ်ရေးအခြေအနေရဲ့ အားနည်းချက်လည်း ပေါ်ထွက်လာခဲ့ပါတယ်။

၂၀၁၀ ခုနှစ်က WikiLeaks ဝက်ဘ်ဆိုက်မှာ အချက်အလက်ဗီဒီယိုပေါင်း ၇ သိန်းကျော်ပေါ်ထွက်ခဲ့ပြီးနောက်ပိုင်း ယခုအချက်အလက်ပေါက်ကြားခြင်းဟာ အဆိုးရွားဆုံးလုံခြုံရေးချိုးဖောက်မှုလို့ ယူဆရပါတယ်။

တက်ဆယ်ရာရဲ့ တာဝန်ထမ်းဆောင်မှုမှတ်တမ်းများအရ သူဟာ မာဆာချူဆက်စ်ရှိ အိုတစ်အမျိုးသားလေကြောင်းကာကွယ်ရေးစခန်းမှာ ပထမတန်းအဆင့်လေယာဉ်မှူးတစ်ဦးဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်က လေကြောင်းစောင့်ကြပ်ရေးတပ်ထဲဝင်ရောက်ခဲ့ပြီး အိုင်တီကျွမ်းကျင်ပညာရှင်အဖြစ် လုပ်ကိုင်ခဲ့ပါတယ်။

နိုင်ငံတော်ထိပ်သီးကာကွယ်ရေး အချက်အလက်များအား ခွင့်ပြုချက်မရှိဘဲ ဖယ်ရှားခြင်း၊ ထိန်းသိမ်းခြင်း၊ ထုတ်လွှင့်ခြင်းကိစ္စတွေကို စုံစမ်းစစ်ဆေးမှုမှာ ပတ်သက်နေတဲ့အတွက် တက်ဆယ်ရာကိုဖမ်းဆီးခဲ့တာဖြစ်ကြောင်း ရှေ့နေချုပ်'မာရစ်ဂါလန်း'က သတင်းထောက်တွေကို ပြောပြခဲ့ပါတယ်။

အေးဂျင့်တွေက မာဆာချူဆက်စ် ဒိုက်တန်မြောက်ပိုင်းရှိနေအိမ်တစ်ခုမှာ တရားဥပဒေစိုးမိုးရေးအတိုင်း လုပ်ဆောင်ခဲ့ကြောင်း FBI က ပြောကြားခဲ့ပါတယ်။

တက်ဆယ်ရာကို လက်ထိပ်ခတ်ပြီး ယာဉ်ရဲ့အနောက်ဘက်ခန်းမှာထားကာ ဖမ်းဆီးခေါ်ဆောင်သွားပုံကို Aerial သတင်းဗီဒီယိုမှာ ဖော်ပြထားပါတယ်။

တက်ဆယ်ရာအနေနဲ့ ဘယ်လိုအမှုမျိုးနဲ့ ရင်ဆိုင်ရမလဲဆိုတာ တရားစိုးမိုးရေးဌာနက မဖော်ပြသေးပေမယ့် နိုင်ငံတော်ကာကွယ်ရေးအချက်အလက်များကို ဆန္ဒအလျောက်ထိန်းသိမ်းထားရှိခြင်းနဲ့ ထုတ်လွှင့်ခြင်းဆိုင်ရာ ရာဇဝတ်ပြစ်မှုများ ဖြစ်နိုင်ဖွယ်ရှိပါတယ်။

ဒီလိုပြစ်မှုမျိုးက ဘေးအန္တရာယ်ဖြစ်စေဖို့ မရည်ရွယ်ဘူးဆိုရင်တောင် ထောင်ဒဏ် ၁၀ နှစ်လောက်အထိ ကျခံရဖွယ်ရှိတယ်လို့ တရားစိုးမိုးရေးဌာန လုံခြုံရေးရှေ့နေဟောင်း'ဘရန်ဒန်ဗန်ဂရက်'က ဆိုပါတယ်။

ပေါက်ကြားမှုက အလွန်ထိခိုက်နစ်နာစေတဲ့အတွက် ထောင်ဒဏ်ကြီးကြီးမားမားကျခံရဖွယ်ရှိတယ်လို့ ဆိုပါတယ်။

တက်ဆယ်ရာကို သောကြာနေ့မှာ ရုံးတင်စစ်ဆေးမှာဖြစ်ကြောင်း အမေရိကန်အစိုးရရှေ့နေရုံးမှ ပြောရေးဆိုခွင့်ရှိသူက ပြောပြပါတယ်။

တက်ဆယ်ရာနဲ့ ကျောင်းအတူတူတက်ခဲ့ပြီး အနီးနားတဝိုက်မှာနေထိုင်နေတဲ့ အသက် ၂၂ နှစ်အရွယ်'အက်ဒီဆူဇာ'က တက်ဆယ်ရာမှာ လွန်ခဲ့တဲ့နှစ်တွေတုန်းက အစွန်းရောက်သဘောမျိုး မတွေ့ခဲ့ရဘဲ ပြဿနာရှာတတ်တဲ့လူမျိုးမဟုတ်ကာ အေးအေးဆေးဆေးနေတတ်သူဖြစ်ကြောင်း ပြောပြသွားပါတယ်။
Source: Reuters
#YMG #Yangon_Media_Group