#World_Politics
Published_ 1 April 2023

ရုရှားသမ္မတ'ဗလာဒီမာပူတင်'က ကမ္ဘာ့နိုင်ငံရေးမှာ အနောက်တိုင်းလွှမ်းမိုးမှုပပျောက်ရေးကို ဦးစားပေးလုပ်ဆောင်မယ့် နိုင်ငံခြားရေးမူဝါဒအသစ်တစ်ခုကို မတ်လ ၃၁ ရက်နေ့မှာ ချမှတ်ခဲ့ပါတယ်။

 

ယူကရိန်းနိုင်ငံ ဘူချာမှ ရုရှားတပ်များဆုတ်ခွာခဲ့ရတာ တစ်နှစ်ပြည့်တဲ့အချိန်မှာ အခုလိုဗျူဟာအသစ်ထွက်ပေါ်လာတာဖြစ်ပါတယ်။

 

ယူကရိန်းအရှေ့ဘက် ဘက်ခ်မွတ်မြို့မှာလည်း ရုရှားတပ်တွေဟာ ယူကရိန်းတပ်တွေရဲ့ခုခံမှုတွေကို ရင်ဆိုင်နေရပြီး မြို့ကိုထိန်းချုပ်ရန်ခက်ခဲနေပါတယ်။

 

"ရုရှားဖက်ဒရေးရှင်းဟာ ကမ္ဘာ့နိုင်ငံရေးမှာ အမေရိကန်နဲ့ အခြားသောမရင်းနှီးတဲ့နိုင်ငံတွေရဲ့ လွှမ်းမိုးမှုအငွေ့အသက်များ ပပျောက်ရေးကို ဦးစားပေးဆောင်ရွက်ရန် ရည်ရွယ်ထားပါတယ်" လို့ စာမျက်နှာ ၄၂ မျက်နှာပါစာတမ်းကို AFP က ဖော်ပြထားပါတယ်။

 

အဆိုပါမူဝါဒဆိုင်ရာစာတမ်းအသစ်က အနောက်နိုင်ငံဟာ ရုရှားအတွက်ခြိမ်းခြောက်မှုလို့ ယူဆထားကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး 'ဆာဂျီလက်ဗ်ရော့ဗ်'က ဆိုပါတယ်။

 

အမေရိကန်ပြည်ထောင်စု ရုရှားဆန့်ကျင်ရေးဝါဒကို အဓိကလှုံ့ဆော်နေတဲ့သူဖြစ်တယ်လို့ လက်ဗ်ရော့ဗ်က ဆိုလိုက်ပါတယ်။

 

ဒါ့အပြင် နိုင်ငံခြားရေးမူဝါဒစာတမ်းထဲမှာ တရုတ်နဲ့အိန္ဒိယတို့ကိုတော့ အဓိကမဟာမိတ်များအဖြစ် ဖော်ညွှန်းထားတာကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။

 

ယူရေးရှားတိုက်ရှိ ချစ်ကြည်ရင်းနှီးတဲ့ အချုပ်အခြာအာဏာပိုင်နိုင်ငံများနဲ့ ဖွံ့ဖြိုးတိုးတက်မှုတို့မှာ ဆက်ဆံရေးပိုမိုနက်ရှိုင်းဖို့ကလည်း အရေးကြီးကြောင်း အလေးပေးဖော်ပြထားပါတယ်။

 

လွတ်လပ်မျှတတဲ့ကမ္ဘာရဲ့ အခြေခံအုတ်မြစ်တိုက်ပွဲဟာ ယူကရိန်းမြေမှာဖြစ်ပွားနေပြီး မကောင်းဆိုးဝါးရုရှားတွေ ဒီနေရာမှာပဲ ကျရှုံးပါလိမ့်မယ်လို့ ယူကရိန်းသမ္မတ'ဇယ်လန်စကီ'က ပြောကြားလိုက်ပါတယ်။

 

ဘူချာမြို့မှာ ရုရှားတပ်တွေက လက်နက်မဲ့အရပ်သားများကို တရားဥပဒေပြင်ပသတ်ဖြတ်မှုများပြုလုပ်တယ်လို့ အစောပိုင်းမှာပြောကြားထားပါတယ်။

 

ဒါတွေကို လုံးဝခွင့်လွှတ်မှာမဟုတ်သလို ချုပ်ကိုင်ခြယ်လှယ်သူအားလုံးကို အပြစ်ပေးသွားမှာပါလို့ ဇယ်လန်စကီက ဆိုရှယ်မီဒီယာမှာ ပြောကြားခဲ့ပါတယ်။

 

ဘီလာရုစ်နိုင်ငံက ရုရှားနဲ့ ယူကရိန်းတို့ ငြိမ်းချမ်းရေးရယူရန်တိုက်တွန်းခဲ့ပေမယ့် ဘီလာရုစ်မြေပေါ်မှာ ရုရှားနျူကလီးယားလက်နက်တွေ နေရာချထားဖို့ကိုလည်း အသင့်ဖြစ်နေပြီလို့ ကြေညာထားပါတယ်။

Source: WION
#ရုရှားသမ္မတပူတင် #အနောက်နိုင်ငံကြီးစိုးမှုပပျောက်ရေး #နိုင်ငံခြားရေးမူဝါဒအသစ် #YMG #Yangon_Media_Group