#World_Politics
Published 21 March 2023

ယူကရိန်းစစ်ပွဲကြောင့် အနောက်နိုင်ငံတွေရဲ့ ဆန့်ကျင်ခြင်းကိုရင်ဆိုင်နေရတဲ့ ရုရှားသမ္မတ'ဗလာဒီမာပူတင်'က ကရင်မလင်ညစာစားပွဲမှာ သူ့ရဲ့အင်အားအကြီးဆုံးမဟာမိတ်တရုတ်ကို ပြသလိုက်ပြီးနောက် အင်္ဂါနေ့မှာ တရုတ်သမ္မတ'ရှီကျင့်ဖင်'နဲ့ နောက်ထပ်ပြောဆိုဆွေးနွေးမှုများပြုလုပ်ဖို့ စီစဉ်လိုက်ပါတယ်။

နိုင်ငံတကာတရားရုံးက ပူတင်ကို စစ်ရာဇဝတ်မှုဖြင့် တရားစွဲထားတဲ့အချိန်မှာ ရုရှားသို့ ရှီကျင့်ဖင်သွားရောက်ခြင်းကို အမေရိကန်က ရှုတ်ချလိုက်ကာ ဒါဟာ ရုရှားနောက်ထပ်ရာဇဝတ်မှုများ ကျူးလွန်နိုင်စေရန် တရုတ်က သံတမန်အရ ကာကွယ်ထောက်ပံ့ပေးတဲ့သဘောဖြစ်ကြောင်း ဆိုလိုက်ပါတယ်။

တရုတ်သမ္မတရာထူးကို တတိယအကြိမ်မြောက် ရယူနိုင်ခဲ့ပြီးနောက်ပိုင်း ရှီကျင့်ဖင်က ပထမဆုံးနိုင်ငံခြားခရီးစဉ်ထွက်လာတာ ဖြစ်ပါတယ်။

တရုတ်သမ္မတက ယူကရိန်းကိစ္စမှာ ငြိမ်းချမ်းရေးဖော်ဆောင်သူအသွင် ဖြစ်လာစေရန် ပုံဖော်ဖို့ကြိုးစားနေပြီး အနီးစပ်ဆုံးမိတ်ဖက်ရုရှားနဲ့လည်း စီးပွားရေးပတ်သက်မှုကို ပိုမိုဖော်ဆောင်လာပါတယ်။

သူတို့နှစ်ယောက်ဟာ ကရင်မလင်မှာ တနင်္လာနေ့က တွေ့ဆုံခဲ့ပြီး အချိန် ၄ နာရီခွဲကြာမျှ ပြောဆိုခဲ့ကြကာ အင်္ဂါနေ့မှာ တရားဝင်ဆွေးနွေးမှုများပြုလုပ်ဖို့ စီစဉ်ခဲ့ကြပါတယ်။

ရှီကျင့်ဖင်လာလည်ဖို့အကြောင်း ရုရှားဘက်က လူသိရှင်ကြားကြေညာထားခဲ့ရာ ယခုလိုအချိန်မှာ လာရောက်ခြင်းက ထောက်ခံမှုကိုဖော်ပြတဲ့သဘော သက်ရောက်နေပါတယ်။

ယူကရိန်းမှ ကလေးများကို နှင်ထုတ်တဲ့အမှုဖြင့် ပူတင်ကို နိုင်ငံတကာတရားရုံးက ဖမ်းဝရမ်းထုတ်ထားကာ ရုရှားဘက်ကတော့ ဒီကိစ္စကိုငြင်းပယ်လိုက်ပြီး မိဘမဲ့ကလေးတွေကိုကာကွယ်ဖို့အတွက် ခေါ်ယူခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

"ရှီကျင့်ဖင် ယခုလိုမျိုးသွားရောက်လည်ပတ်တာဟာ ယူကရိန်းမှာ ရုရှားတို့ကျူးလွန်တာတွေကို မဆိုင်သလိုသဘောထားနေတာ ဖြစ်ပါတယ်" လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး 'အန်တိုနီဘလင်ကန်'က ပြောကြားလိုက်ပါတယ်။

"ရှုတ်ချစကားဆိုရမယ့်အစား ပြစ်မှုတွေထပ်ကျူးလွန်နိုင်အောင် ရုရှားကို သံတမန်ရေးကာကွယ်ပေးနေပါတယ်"

အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ 'ဂျွန်ကာဘီ'ကလည်း "ရှီကျင့်ဖင်အနေနဲ့ သူ့ရဲ့ဩဇာဖြင့် ရုရှားတပ်တွေ ယူကရိန်းထံမှ ဆုတ်ခွာလာအောင် ဖိအားပေးသင့်ပါတယ်၊ ဒါပေမဲ့ တရုတ်တောင်းဆိုတဲ့ အပစ်အခတ်ရပ်စဲမှုက ရုရှားတပ်တွေ ဆက်ပြီးနေနိုင်အောင် ကူညီသလိုဖြစ်နေတယ်" လို့ ဆိုပါတယ်။

ယူကရိန်းအရေးမှာ ရုရှားကတရုတ်ထံမှ ထောက်ပံ့မှုကြီးကြီးမားမား မျှော်လင့်နေပေမယ့် အခုလည်ပတ်ခြင်းက စစ်ရေးထောက်ပံ့မှုပြုလုပ်ပေးမယ်လို့ မထင်မိကြောင်း နိုင်ငံခြားမူဝါဒဆန်းစစ်သူများက သုံးသပ်လိုက်ပါတယ်။

Source: Reuters
#ပူတင်
#ရှီကျင့်ဖင်
#ယူကရိန်း
#ဖမ်းဝရမ်း
#နိုင်ငံတကာတရားရုံး
#Yangon_Media_Group