#World_Health
Published 21 March 2023

အရိုးအကြောပြုပြင်သူ'အမ်ဘာရင်ဖား'ရဲ့အမေဖြစ်သူ ၂၀၁၈ ခုနှစ်မှာ အူမကြီးကင်ဆာခွဲစိတ်နေစဉ် အလျင်အမြန် ပြန်လည်သက်သာစေရန်အတွက် 'ဖား'က တတ်နိုင်သမျှ အကောင်းဆုံးပြင်ဆင်ခဲ့ပါတယ်။
ဒီအတွက် အောက်ဆီဂျင်ဖိအားပေးကုသနည်းလမ်း(HBOT)ကို အသုံးပြုခဲ့ပါတယ်။

HBOT ဆိုတာက အခန်းတစ်ခန်းထဲမှာ အောက်ဆီဂျင်သန့်သန့်ကို ဖိအားပေးလိုက်တာဖြစ်ပါတယ်။

ဒဏ်ရာတွေက တစ်ရှူးအနာကျက်ဖို့ဆိုရင် အောက်ဆီဂျင်လိုအပ်တာကြောင့် သွေးနဲ့တစ်ရှူးတွေထံ အောက်ဆီဂျင်ပိုမိုရောက်ရှိအောင် ၁၀၀ ရာခိုင်နှုန်းအောက်ဆီဂျင်ဖြင့် ရှူသွင်းခိုင်းတာဖြစ်ပြီး ထိုအချိန်အတွင်း အနာလျင်မြင်စွာ သက်သာလာတာဖြစ်ပါတယ်။

'ဖား'ရဲ့အမေကတော့ ခွဲစိတ်မှုမလုပ်ခင် HBOT မိနစ် ၆၀ ကြာဆက်ရှင် ၁၀ ကြိမ်ခံယူခဲ့ကာ ခွဲစိတ်မှုအပြီးမှာလည်း ၁၀ ကြိမ်ထပ်မံခံယူခဲ့ပါတယ်။

ခွဲစိတ်တဲ့အခါ ခန္ဓာကိုယ်အားပြည့်နေအောင် ပြုလုပ်ပေးချင်ခဲ့တာဖြစ်တယ်လို့ ရှင်းပြခဲ့ပါတယ်။

HBOT ရဲ့အကျိုးကျေးဇူးကြောင့် နာကျင်မှုနဲ့ နွမ်းနယ်မှုတွေကို သက်သာစေခဲ့ကြောင်း အထင်အရှားမြင်တွေ့ခဲ့ရပါတယ်။

အမ်ဘာရင်ဖားက ဗြိတိန်အရိုးအကြောပြုပြင်ရေးတက္ကသိုလ်မှာ လေ့လာပြီးနောက် ၁၉၉၇ မှာ ဘွဲ့ရခဲ့ပါတယ်။

နာမည်ကြီးအားကစားသမားတွေနဲ့ ၂၅ နှစ်ကြာအောင် အလုပ်လုပ်ခဲ့တဲ့ အတွေ့အကြုံရှိပြီး ၂၀၁၂ လန်ဒန်အိုလံပစ်အားကစားပြိုင်ပွဲမှာလည်း အဓိကဆေးအဖွဲ့မှာပါဝင်ခဲ့ပါတယ်။

'ဖား'က အောက်ဆီဂျင်ဖိအားပေးပညာရှင် ဒေါက်တာ'ရောဘတ်ပင်ဒါ'နဲ့အတူ အရိုးအကြောပြုပြင်ရေးမှာ HBOT နည်းလမ်းကို အမြဲတစေအသုံးပြုခဲ့ပါတယ်။

ဒါ့အပြင် HBOT နည်းလမ်းဖြင့် အော်တစ်ဇင်၊ လေဖြတ်ခြင်း၊ နာတာရှည်ကိုက်ခဲခြင်း၊ အယ်လ်ဇိုင်းမား၊ ဒီမန်ရှာ၊ ဦးနှောက်ထိခိုက်ခြင်း၊ ကင်ဆာ၊ ကိုဗစ်နောက်ဆက်တွဲလက္ခဏာများမှာလည်း အကျိုးရှိစွာအသုံးပြုနိုင်ခဲ့ပါတယ်။

လေထုထဲမှာ သာမန်အားဖြင့် အောက်ဆီဂျင် ၂၁ ရာခိုင်နှုန်းရရှိပေမယ့် ဖိအားပေးအခန်းထဲမှာတော့ ၁၀၀ ရာခိုင်နှုန်းအောက်ဆီဂျင်ပေးတာဖြစ်ပါတယ်။

သူ့ဆီလာတဲ့ လူနာတဝက်လောက်က HBOT နည်းလမ်းကို စိတ်ဝင်စားလာကြပြီး အောက်ဆီဂျင်ဖိအားပေးအခန်းကို အိမ်မှာတပ်ဆင်ဖို့အထိ စိတ်ကူးလာကြပါတယ်။

အောက်ဆီဂျင်ပေးခြင်းဖြင့် သက်ရှည်ကျန်းမာစေရုံမက ဦးနှောက်လုပ်ဆောင်ချက်ကို အကောင်းဆုံးဖြစ်စေပါတယ်လို့ ဆိုခဲ့ပါတယ်။
အိုမင်းရင့်ရော်ခြင်းကို ကာကွယ်တဲ့နေရာမှာလည်း HBOT ကိုအသုံးများလာကြပြီး သွေးကြောများနဲ့ အာရုံကြောအသစ်များကြီးထွားလာစေကာ သွေးကြောပျက်စီးမှုများကို ပြုပြင်ပေးပါတယ်။

အခုဆိုရင်သူ့အမေက အသက် ၇၈ နှစ်အရွယ်မှာ ကျန်းမာသန်စွမ်းနေပြီလို့ ဖော်ပြသွားပါတယ်။

Source: South China Morning Post
#Yangon_Media_Group