#World_Health
Published 20 March 2023

စစ်ဘက်ဆိုင်ရာလေယာဉ်မှူးတွေကြား ကင်ဆာဖြစ်ပွားနှုန်း မြင့်မားနေတာကို ပင်တဂွန်စစ်ဌာနချုပ်ရဲ့ လေ့လာချက်တစ်ခုမှာ တွေ့ရှိခဲ့ရပြီး လေယာဉ်တွေကို လောင်စာဆီဖြည့်၊ ထိန်းသိမ်းလွှတ်တင်ရတဲ့ မြေပြင်မှဝန်ထမ်းတွေဟာလည်း နာမကျန်းဖြစ်တတ်ကြကြောင်း ပထမဦးဆုံးတွေ့ရှိခဲ့ကြပါတယ်။

ကင်ဆာခံစားနေရတဲ့ ဝေဟင်နဲ့မြေပြင်ရှိဝန်ထမ်းများအကြောင်းကို အငြိမ်းစားလေတပ်သားများက နှစ်ပေါင်းများစွာတိုင်အောင် သတိပေးထားခဲ့တဲ့အပေါ်မှ အချက်အလက်များကို ရှာဖွေခဲ့တာဖြစ်ပါတယ်။

အစောပိုင်းလေ့လာမှုတွေမှာတော့ လေတပ်သားများက သာမန်အမေရိကန်ပြည်သူတွေထက် ကင်ဆာဖြစ်နိုင်ချေမများဘူးလို့ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

၁၉၉၂ မှ ၂၀၁၇ အတွင်း တာဝန်ထမ်းဆောင်ခဲ့တဲ့ စစ်ဘက်ဆိုင်ရာလေတပ်မှ လေယာဉ်ဝန်ထမ်းတွေနဲ့ မြေပြင်ဝန်ထမ်းပေါင်း ၉ သိန်းနီးပါးကို နှစ်ရှည်လများလေ့လာခဲ့တဲ့အခါ လေယာဉ်ဝန်ထမ်းတွေဟာ အရေပြားကင်ဆာဖြစ်နိုင်ချေ ၈၇ ရာခိုင်နှုန်း၊ သိုင်းရွိုက်ကင်ဆာ ၃၉ ရာခိုင်နှုန်း၊ အမျိုးသားတွေမှာ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ချေ ၁၆ ရာခိုင်နှုန်း၊ အမျိုးသမီးတွေမှာ ရင်သားကင်ဆာဖြစ်နိုင်ချေ ၁၆ ရာခိုင်နှုန်းနဲ့ ကင်ဆာအမျိုးအစားမရွေးဖြစ်နိုင်ချေ ၂၄ ရာခိုင်နှုန်း အသီးသီးပိုများခဲ့ကြောင်း ပင်တဂွန်က တွေ့ရှိခဲ့ပါတယ်။
မြေပြင်ဝန်ထမ်းတွေကတော့ ဦးနှောက်နဲ့ အာရုံကြောကင်ဆာဖြစ်နိုင်ချေ ၁၉ ရာခိုင်နှုန်း၊ သိုင်းရွိုက်ကင်ဆာဖြစ်နိုင်ချေ ၁၅ ရာခိုင်နှုန်း၊ ကျောက်ကပ်ကင်ဆာ ၉ ရာခိုင်နှုန်း၊ အမျိုးသမီးတွေမှာ ရင်သားကင်ဆာဖြစ်နိုင်ချေ ၇ ရာခိုင်နှုန်း၊ ကင်ဆာအမျိုးအစားမရွေးဖြစ်နိုင်ချေ ၃ ရာခိုင်နှုန်းအသီးသီး မြင့်မားနေပါတယ်။

ဒါပေမဲ့ မြေပြင်ဝန်ထမ်းတွေရော လေယာဉ်ဝန်ထမ်းတွေမှာပါ အဆုတ်ကင်ဆာဖြစ်နိုင်ချေကတော့ နည်းပါးပြီး လေယာဉ်ဝန်ထမ်းတွေမှာ ဆီးကျိတ်နဲ့ အူမကြီးကင်ဆာတို့ဖြစ်နိုင်ချေပါ နည်းပါးသွားပါတယ်။

အချက်အလက်တွေထဲက ကွာဟချက်တွေကြောင့် ကင်ဆာအမှန်တကယ်ဖြစ်သူအရေအတွက်က ပိုများနေနိုင်ကြောင်း ပင်တဂွန်က သတိပေးလိုက်ပါတယ်။

ဒီလေ့လာချက်ကြောင့် ခေါင်းဆောင်တွေနဲ့ မူဝါဒချမှတ်သူတွေအနေနဲ့ စိတ်ချရတဲ့အနေအထားဖြစ်အောင် သက်သေပြဖို့အချိန်တန်ပြီဖြစ်ကြောင်း အငြိမ်းစားလေတပ်ဗိုလ်မှူးကြီး 'ဗင့်စ်အယ်ကာဇာ'က ပြောပြသွားပါတယ်။

ဒီလေ့လာချက်ကို ၂၀၂၁ ကာကွယ်ရေးဥပဒေမူကြမ်းမှာ ကွန်ဂရက်က တောင်းဆိုခဲ့ပါတယ်။

လေယာဉ်ဝန်ထမ်းတွေ ထိတွေ့နေရတဲ့ လောင်စာဆီတွေ၊ သန့်ရှင်းရေးပစ္စည်းတွေ၊ ဆင်ဆာတွေ၊ ပါဝါအရင်းအမြစ်တွေ၊ ရေဒါစနစ်တို့နဲ့ပတ်သက်ပြီး အနီးကပ်ကြည့်ရှုစစ်ဆေးပေးဖို့ ပင်တဂွန်ကို တောင်းဆိုထားတာကြာပါပြီ။

လေယာဉ်ဝန်ထမ်းတွေဟာ သာမန်လူတွေထက် ကင်ဆာဖြစ်နိုင်ချေပိုများပေမယ့် စစ်ဘက်ဆိုင်ရာလေ့ကျင့်ခန်းပြုလုပ်ရခြင်းနဲ့ ပုံမှန်ကျန်းမာရေးစစ်ဆေးမှုများကြောင့် ရောဂါစောစီးစွာသိရှိရကာ အသက်ရှင်နိုင်ချေပိုများပါတယ်။

စစ်ဘက်ဆိုင်ရာကျန်းမာရေးစနစ် ကင်ဆာအချက်အလက်တွေက ၁၉၉၀ မတိုင်ခင်အထိ ယုံကြည်စိတ်ချရတဲ့အနေအထားမဟုတ်ဘဲ ရှေ့ဆယ်စုနှစ်တွေက လေယာဉ်မှူးတွေ မပါဝင်ခဲ့ပါဘူး။

Source: abc News
#Yangon_Media_Group