#World_Health
Published 19 March 2023

 

ချက်ကြိုးသွေးမှရပြီး HIV ခံနိုင်ရည်ရှိတဲ့ ပင်မစတမ်ဆဲလ်အစားထိုးခွဲစိတ်ခြင်းဖြင့် HIV ဗိုင်းရပ်စ်ရောဂါကို ကုသနိုင်မယ့်နည်းလမ်းအသစ်ကို သိပ္ပံပညာရှင်များ တွေ့ရှိခဲ့ကြပါတယ်။

 

အဆိုပါနည်းလမ်းဖြင့် သွေးကင်ဆာနဲ့ HIV ရောဂါရှိတဲ့ လူမျိုးစပ်သက်လတ်ပိုင်းအမျိုးသမီးတစ်ဦးကို အောင်မြင်စွာကုသနိုင်ခဲ့ကြောင်း Cell ဂျာနယ်မှာ ကြာသပတေးနေ့က ဖော်ပြခဲ့ပါတယ်။

 

အလှူရှင်တွေထံမှရတဲ့ ပင်မစတမ်ဆဲလ်အစား ချက်ကြိုးသွေးမှရတဲ့ ပင်မစတမ်ဆဲလ်အသုံးပြုခြင်းဖြင့် လူမျိုးကွဲအားလုံးမှာ ရောဂါကိုကုသအောင်မြင်နိုင်ချေ ပိုများနေပါတယ်။

 

HIV ရောဂါက လူမျိုးအရ ကွဲပြားစွာဖြစ်ပွားတတ်ကာ ဗီဇကိုက်ညီတဲ့ သူစိမ်းအလှူရှင်ကိုရှာတွေ့ဖို့ဆိုတာ အလွန်ရှားပါးကြောင်း ကယ်လီဖိုးနီးယားတက္ကသိုလ်မှ ယဗွန်းဘရိုင်ဆန်က ပြောပြခဲ့ပါတယ်။

 

ကမ္ဘာတဝှမ်းမှာ HIV ဝေဒနာခံစားနေရသူ ၃၈ သန်းခန့်ရှိပြီး ဗိုင်းရပ်စ်ကုသဆေးများ ထိရောက်မှုရှိပေမယ့် တစ်ဘဝလုံးသုံးစွဲသွားဖို့ လိုအပ်ပါတယ်။

၂၀၀၉ ခုနှစ်ကတည်းက လူအများအပြားမှာ HIV ကုသနိုင်ခဲ့ပြီးဖြစ်ပါတယ်။

 

ကင်ဆာကုသနည်းမှာသုံးတဲ့ ပင်မစတမ်ဆဲလ်အစားထိုးခြင်းနဲ့ CCR5-delta32 မျိုးဗီဇပြောင်း ၂ ခုရှိတဲ့ အလှူရှင်ထံမှ ဆဲလ်များ လက်ခံရယူတာဖြစ်ပါတယ်။

 

အဆိုပါမျိုးဗီဇပြောင်းဟာ HIV ကိုခံနိုင်ရည်ရှိပြီး ဗိုင်းရပ်စ်တွေ ဆဲလ်ထဲသို့ ဝင်ရောက်မကူးစက်အောင် ကာကွယ်ပေးပါတယ်။

 

လူဖြူတွေထဲက တစ်ရာခိုင်နှုန်းခန့်သာ CCR5-delta32 ပုံစံတူ ၂ ခုရှိကာ အခြားလူမျိုးတွေမှာတော့ ထိုရာခိုင်နှုန်းထက် နည်းပါသေးတယ်။

 

ပင်မစတမ်ဆဲလ်အစားထိုးခြင်းဟာ အလှူရှင်နဲ့ လူနာကြား အတော်လေးကိုက်ညီဖို့ လိုတာကြောင့် လူမျိုးကွဲပြားသွားတဲ့အခါ အစားထိုးဖို့ခက်ခဲပါတယ်။

 

ဒါကြောင့် သိပ္ပံပညာရှင်တွေဟာ ချက်ကြိုးဘဏ်ထဲက CCR5-delta32 သယ်ဆောင်ထားတဲ့ ပင်မစတမ်ဆဲလ်တွေနဲ့ အစားထိုးကုသပေးခဲ့တာဖြစ်ပါတယ်။

 

ထိုခွဲစိတ်မှုကို ဒေါက်တာ'ကျင်မေရှု'နဲ့ 'ကွန်ဗန်ဘေဆန်'တို့ဦးဆောင်တဲ့အဖွဲ့က ၂၀၁၇ ခုနှစ်မှာ ပြုလုပ်ခဲ့ပါတယ်။

 

အစားထိုးပြီး ၄ နှစ်ကျော်အကြာမှာ လူနာရဲ့ HIV ရော သွေးကင်ဆာရောပါ သက်သာပျောက်ကင်းသွားပါတယ်။

 

HIV မတွေ့ရတာ လပေါင်း ၃၀ ကျော်ရှိလာပြီဖြစ်ပြီး ဆေးတွေလည်း မသောက်သုံးရတော့ပါဘူး။

 

ကင်ဆာရော HIV ပါရှိတဲ့လူနာကို အစားထိုးကုသမယ်ဆိုရင် CCR5-delta32 နဲ့ကုသဖို့ ဦးစားပေးစဉ်းစားသင့်ကြောင်း ဖော်ပြသွားပါတယ်။

 

Source: The Jerusalem Post #World_Health #ပင်မစတမ်ဆဲလ်
#HIV ကုသနိုင် #YMG #Yangon_Media_Group