#World_Health
Published 15 March 2023

 

ဆားအလွန်အကျွံစားခြင်းက ကမ္ဘာတဝှမ်းမှာ ရောဂါဖြစ်ခြင်းနဲ့ သေဆုံးခြင်းတို့ရဲ့ အဓိကတရားခံတစ်ခုဖြစ်နေကြောင်း WHO က ကြေညာလိုက်ပါတယ်။

 

၂၀၂၅ မှာ ဆားလျှော့ချစားသုံးမှု ၃၀ ရာခိုင်နှုန်းရှိလာအောင် ကမ္ဘာတဝှမ်းပစ်မှတ်ထားရာမှာ လမ်းကြောင်းသွေဖည်လာကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

 

ဆားမှာပါတဲ့ ဆိုဒီယမ်က ခန္ဓာကိုယ်အတွက် မရှိမဖြစ်ဓာတ်တစ်ခုဖြစ်ပေမယ့် အလွန်အကြူးစားမိရင်တော့ နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ အရွယ်မတိုင်ခင်သေဆုံးခြင်းတို့ ဖြစ်နိုင်ချေများနေပါတယ်။

 

စားပွဲတင်ဆားဟာ ဆိုဒီယမ်အဓိကပါဝင်တဲ့ ပစ္စည်းတစ်မျိုးဖြစ်ပေမယ့် ဆိုဒီယမ်ဂလူတမိတ်လိုမျိုး အရာတွေမှာလည်း ပါဝင်နေပါတယ်။

 

WHO ဖော်ပြချက်အရ ဆိုဒီယမ်လျှော့ချစားသုံးခြင်းမူဝါဒကို ကျင့်သုံးခြင်းဖြင့် ၂၀၃၀ အရောက်မှာ ကမ္ဘာတဝှမ်းရှိ လူဦးရေ ၇ သန်း အသက်ဆုံးရှုံးခြင်းမှ ကာကွယ်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

 

ဒါပေမဲ့ အခုအချိန်ထိ ဘရာဇီးလ်၊ ချီလီ၊ ချက်၊ လစ်သူရေးနီးယား၊ မလေးရှား၊ မက္ကဆီကို၊ ဆော်ဒီအာရေဗီးယား၊ စပိန်၊ ဥရုဂွေး စတဲ့ ၉ နိုင်ငံကပဲ ဆိုဒီယမ်လျှော့ချခြင်းမူဝါဒအတိုင်း လိုက်နာနေပါတယ်။

 

WHO အကြံပြုချက်အရ တစ်နေ့ကို ဆား ၅ ဂရမ်အောက်သာ စားသုံးသင့်ပေမယ့် ကမ္ဘာတဝှမ်းမှာတော့ ၁၀.၈ ဂရမ်အထိ ရှိနေတယ်လို့ ခန့်မှန်းရပါတယ်။

 

"ကျန်းမာရေးနဲ့မညီညွတ်တဲ့ အစားအစာတွေက အသက်ဆုံးရှုံးခြင်းနဲ့ ရောဂါဖြစ်ရခြင်းတို့ရဲ့ အဓိကအကြောင်းအရင်းဖြစ်နေပြီး ဆိုဒီယမ်အလွန်အကျွံစားသုံးခြင်းကလည်း အပါအဝင်ဖြစ်ပါတယ်၊ တင်ပြချက်အရ နိုင်ငံအများစုဟာ ဆိုဒီယမ်လျှော့ချခြင်းမူဝါဒကို မကျင့်သုံးသေးဘဲ နှလုံးဖောက်ခြင်း၊ လေဖြတ်ခြင်း၊ အခြားကျန်းမာပြဿနာများ ဖြစ်နိုင်ချေရှိနေပါတယ်" လို့ WHO အထွေထွေအတွင်းရေးမှူးချုပ် 'တက်ဒရိုစ်အက်ဒါနွမ်ဂယ်ဘရီယေဆပ်စ်'က ပြောကြားခဲ့ပါတယ်။

 

ဆိုဒီယမ်လျှော့ချဖို့ WHO ရဲ့ နည်းစနစ်တွေကတော့..

 

- အစားအစာတွေမှာ ဆားလျှော့သုံးထုတ်လုပ်ဖို့နဲ့ စားစရာတွေမှာ ဆိုဒီယမ်ပါဝင်မှုကို သတ်မှတ်ထားရှိရန်

 

- ဆေးရုံများ၊ ကျောင်းများ၊ လုပ်ငန်းခွင်များနှင့် လူနာရှိအိမ်များစတဲ့ အစိုးရပိုင်လူအများရှိတဲ့နေရာတွေမှာ ဆား သို့မဟုတ် ဆိုဒီယမ်ကြွယ်ဝသောအစားအစာများကို ထိန်းချုပ်ကန့်သတ်ရန် ပြည်သူ့စားနပ်ရိက္ခာဝယ်ယူရေးမူဝါဒများ ချမှတ်ခြင်း

 

- ဆိုဒီယမ်နည်းပါးသော အစားအစာကို စားသုံးသူများရွေးချယ်ဝယ်သူနိုင်ရန် ထုပ်ပိုးမှုတွင်ရေးသားထားခြင်း

 

- ဆားလျှော့ချစားသုံးရန် မီဒီယာများမှတဆင့်အသိပေးခြင်း တို့ ပါဝင်ပါတယ်။

 

အထောက်အထားများအရ ဆိုဒီယမ်အစားများတဲ့အခါ အစာအိမ်ကင်ဆာ၊ အဝလွန်ခြင်း၊ အရိုးပွခြင်း၊ ကျောက်ကပ်ရောဂါ စတဲ့အခြားပြဿနာများလည်း ဖြစ်နိုင်ချေများပါတယ်။

 

#Source: India Today #World_Health ##ဆိုဒီယမ်အလွန်အကျွံစားသုံးမိခြင်း #အသက်သေဆုံးခြင်း #YMG #Yangon_Media_Group