Published 19 Feb 2023

ဂျပန်နိုင်ငံရဲ့ အထူးစီးပွားရေးဇုန် ရေပိုင်နက်ထဲ ကျရောက်ခဲ့တဲ့ မြောက်ကိုးရီးယားဒုံးကျည်ဟာ အမေရိကန်ပြည်ထောင်စု မည်သည့်နေရာကိုမဆို ရောက်ရှိအောင်ပစ်လွှတ်နိုင်တယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာန အရာရှိတွေက ပြောဆိုလိုက်ကြပါတယ်။

ဒုံးကျည်ဟာ အလွန်မြင့်မားတဲ့ ဝေဟင်လမ်းကြောင်းကပစ်လွှတ်ခဲ့တာဖြစ်ပြီး ပုံမှန်ပစ်လွှတ်နေကျ အမြင့်ထက်များစွာ မြင့်မားပြီး သွားနိုင်တယ်လို့  ဂျပန်ကာကွယ်ရေးဝန်ကြီး ယာဇာကာဇူ ဟာမာဒါက သတင်းထောက်တွေကိုပြောကြား လိုက်ပါတယ်။ ဒုံးကျည်ဟာ ကီလိုမီတာ ၁၄၀၀၀ အတိုင်းအတာအထိပစ်လွှတ်နိုင်လို့ ဒါဟာ အမေရိကန်တစ်နိုင်ငံလုံး ကို ရောက်နိုင်တာဖြစ်တယ်လို့ သူကပြောပါတယ်။

ဒုံးကျည်ဟာ ပြုံယမ်းမြို့တော် ဆင်ခြေဖုံးတစ်နေရာရာက ပစ်လွှတ်လိုက်တာလို့ ယူဆရပြီး ဂျပန်ပင်လယ်ထဲကျရောက်ခဲ့ တာဖြစ်ပါတယ်။ ၆၆ မိနစ်ကြာ ပျံသန်းမှုအတွင်း အမြင့် ၅၇၀၀ကီလိုမီတာအထိ ရောက်ရှိခဲ့ပါတယ်။ဒီဒုံးကျည်ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာကတည်းက မြောက်ကိုးရီးယား က ပစ်လွှတ်ခဲ့တဲ့ ကမ္ဘာ့ တိုက်ကြီးများအကြားပစ်နိုင်တဲ့ ပဲ့ထိန်းဒုံးကျည်အမျိုးအစားထဲမှာ ၁၁စီးမြောက်ဖြစ်ပါတယ်။

တနင်္ဂနွေနေ့မနက်(ဖေဖော်ဝါရီ၁၉)မှာ ဒုံးကျည်ပစ်တဲ့အကြောင်း နှင့် ၄၀၁၅ စက္ကန့်အတွင်း ခရီးအရှည် ၉၈၉ ကီလိုမီတာကို အမြင့် ၅၇၆၈ ကနေ ပျံသန်းခဲ့တယ်လို့ မြောက်ကိုးရီးယားက အတည်ပြုလိုက်ပါတယ်။

“ဒါဟာ ကျွန်ုပ်တို့ရဲ နျူးကလီးယားဟန့်တားလက်နက်ရဲ့ အင်အားကြီးမားမှုကို အာမခံပြီး ရှင်းရှင်းလင်းလင်းသက်သေပြလိုက်တာ ဖြစ်တယ်” လို့  ကိုရီးယား သတင်းအေဂျင်စီ KCNA ကပြောပါတယ်။

မြူးနစ်မှာ လုံခြုံရေးဆိုင်ရာညီလာခံတစ်ခုတက်ရောက်ဖို့ရောက်ရှိနေကြတဲ အမေရိကန်၊ဂျပန်နှင့် တောင်ကိုးရီးယား နိုင်ငံခြားရေးဝန်ကြီးတွေဟာ ဒုံးကျည်ပစ်လွှတ်တဲ့သတင်းရရှိပြီးနောက် ချက်ခြင်းအစည်းအဝေးတစ်ခုခေါ်လိုက်ကြပါတယ်။

ဒါဟာ ရန်လိုတဲ့အပြုအမူဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဘလင်ကန်ကပြောလိုက်ပြီး မြောက်ကိုးရီးယားရဲ့ ဒီလုပ်ရပ်ဟာ ဒီနိုင်ငံသုံးနိုင်ငံကို ပိုပြီး ပေါင်းစည်းညီညွတ်သွားစေတယ်လို့လည်း ထပ်လောင်းပြောကြားလိုက်ပါတယ်။

Source: NikkeiAsia

#North_Korea_Missile

#North_Korea

#Indo_Pacific