#World_Health
Published 9 February 2023

 

အလုပ်နေရာထဲမှာ လုံးဝတိတ်ဆိတ်နေခြင်းက ကျန်းမာရေးအတွက် အကျိုးမရှိစေဘဲ ထိုထက်စာရင် အနည်းငယ်ဆူညံသံရှိတဲ့ နေရာမှာလုပ်ကိုင်ရခြင်းက ပိုမိုကျန်းမာနိုင်ဖွယ်ရှိကြောင်း အရီဇိုနာနဲ့ ကန်းဆက်စ်တက္ကသိုလ်တို့မှ သုတေသီများက လေ့လာတွေ့ရှိထားပါတယ်။

 

ရုံးခန်းထဲမှာ ဆူညံလွန်းခြင်းက ဝန်ထမ်းတွေရဲ့ကျန်းမာရေးကို ဆိုးရွားစေတယ်လို့ သိထားကြသလို လုံးဝဆိတ်ငြိမ်နေခြင်းကလည်း အကျိုးမဖြစ်ထွန်းစေပါဘူး။

 

သင့်တော်တဲ့ဆူညံသံပမာဏက ၅၀ ဒက်ဆီဘယ်ဖြစ်ပြီး ဒါဟာ ခေါင်မိုးပေါ်မိုးရေကျသံ ဒါမှမဟုတ် ငှက်တေးသီဆိုသံနဲ့ အကြမ်းဖျင်းညီမျှပါတယ်။

 

ကျန်းမာရေးကောင်းမွန်ခြင်းလို့ စဉ်းစားတဲ့အခါ စိတ်ပိုင်းဆိုင်ရာ ခံစားချက်ကောင်းမွန်သလားဆိုတာကို ယူဆပါတယ်။

 

ပရော်ဖက်ဆာ'စတန်းဘာ့ဂ်'ဦးဆောင်တဲ့ သုတေသနမှာ ရုံးခန်းအတွင်း နေရာကန့်သတ်ချက်မထားဘဲ ပွင့်လင်းမြင်သာစွာ အတူလုပ်ကိုင်ရတဲ့ဝန်ထမ်းတွေက သီးသန့်နေရာထိုင်ခင်းဖြင့် လုပ်ကိုင်ရတဲ့ဝန်ထမ်းတွေထက် ပိုမိုလှုပ်ရဖျားဖြစ်ကာ စိတ်ဖိစီးမှုလျော့နည်းနေပါတယ်။

 

ဒါပေမဲ့ လူအများနဲ့လုပ်ကိုင်ရတဲ့အခါ ဆူညံသံကိုလည်း ခံစားကြရပါတယ်။

 

စမ်းသပ်ဖို့အတွက် အမေရိကန်ရှိ အလုပ်ရုံ ၄ နေရာမှ ဝန်ထမ်း ၂၃၁ ဦးမှာ ၃ ရက်တိုင်အောင် စက်ပစ္စည်း ၂ ခုတပ်ဆင်ခိုင်းခဲ့ပါတယ်။

 

တစ်ခုကတော့ ပတ်ဝန်းကျင်ရှိ ဆူညံသံကိုတိုင်းတာပေးပြီး လည်ပင်းမှာတပ်ဆင်ခဲ့ပါတယ်။

 

နောက်တစ်ခုကတော့ ရင်ဘတ်မှာတပ်ဆင်ကာ နှလုံးခုန်နှုန်းကိုတိုင်းတာပြီး စိတ်ဖိစီးမှုနဲ့ စိတ်ပြေလျော့မှုပမာဏတို့ကို စစ်ဆေးပါတယ်။

 

ရလဒ်များအရ ပတ်ဝန်းကျင်ဆူညံသံက ၅၀ ဒက်ဆီဘယ်ကျော်တဲ့အခါ ၁၀ ဒက်ဆီဘယ်များလာတိုင်း ဇီဝကမ္မကျန်းမာခြင်းမှာ ၁.၉ ရာခိုင်နှုန်းကျဆင်းပြီး ၅၀ ဒက်ဆီဘယ်အောက်နည်းရင်တော့ ၁၀ ဒက်ဆီဘယ်တက်လာတိုင်း ၅.၄ ရာခိုင်နှုန်းတက်လာပါတယ်။

 

လူတွေရဲ့ဦးနှောက်က အသံရုတ်ချည်းပြောင်းလဲမှုကို ကွဲပြားသိရှိပြီး ရင်ဆိုင်မလား ရှောင်ရှားမလားဆိုတာကို ဆုံးဖြတ်ပေးပါတယ်။

 

ဆူညံသံတွေထွက်နေတဲ့အခါ အသံအားလုံးက နောက်ခံအသံကဲ့သို့ စုဝေးသွားပြီး အာရုံလွှဲစေတဲ့အသံကို ဖုံးလွှမ်းစေပါတယ်။

 

အလွန်တိတ်ဆိတ်တဲ့နေရာမှာတော့ အပ်ကျတဲ့အသံတောင် အာရုံပြောင်းသွားစေနိုင်ပါတယ်။

 

Source: The Jerusalem Post
#Yangon_Media_Group