Published 8 Feb 2023

ဆီးရီးယားနိုင်ငံမှာ ငလျင်ကြောင့်ပြိုကျနေတဲ့ အပျက်အစီးအပုံတွေကြားထဲမှ မွေးကင်းစကလေးငယ်တစ်ဦးကို ဖေဖော်ဝါရီ ၇ ရက်က ကယ်ထုတ်နိုင်ခဲ့ကြပါတယ်။  အဲဒီကလေးငယ်ဟာ ပြိုကျသွားတဲ့အဆောက်အဦကြီးတစ်ခုရဲ့ အပျက်အစီးပုံတွေအောက်မှာ မွေးဖွားခဲ့တာပါ။ ဒါပေမယ့် မိခင်ဖြစ်သူကတော့ ကံခေစွာပဲ ကလေးမွေးပြီးတာနှင့် သေဆုံးခဲ့ရပါတယ်။

အဲဒီကလေးကို အံအားသင့်စွာ ကယ်ထုတ်ခဲ့တဲ့ ဗွီဒီယိုဟာ ဆိုရှယ်မီဒီယာတွေမှာ ပျံ့နှံ့သွားပါတယ်။ တူရကီနှင့် ဆီးရီးယားမှာ လှုပ်ရှားခဲ့တဲ့ ငလျင်ကြီးကြောင့် ကြုံတွေ့ခံစားရတဲ့ ဝမ်းနည်းတုန်လှုပ်စရာတွေကြားထဲမှာ ဒီကလေးငယ်ကို ကယ်တင်လိုက်တဲ့သတင်းက တောက်ပထင်ရှားခဲ့ပါတယ်။

ကယ်ဆယ်ရေးသမးတစ်ဦးဟာ အဲဒီကလေးငယ်ကို သူ့လက်ထဲပွေ့ထားပြီး အပျက်အစီးပုံတွေကြားထဲမှ အပြေးအလွှားကယ်ထုတ်လာတဲ့ ဗွီဒီယိုဟာ ကြည့်ရှုသူတွေ အတော်များသွားပါတယ်။

ဒေလီးမေးလ်သတင်းစာထဲမှာဖော်ပြချက်အရ ကလေးငယ်ရဲ့ မိခင်ဟာ ဆီရီးယားအရှေ့ပိုင်း ဒီယာအက်ဇာဒေသကနေ ရွှေ့ပြောင်းနေထိုင်လာသူဖြစ်ပြီး ငလျင်လှုပ်ပြီးတာနှင့်  ကလေးငယ်ကို မီးဖွားခဲ့တာဖြစ်ပါတယ်။

ကလေးရဲ့ မိသားစုတစ်စုလုံးဟာ အပျက်အစီးတွေကြားထဲမှာ ဆုံးပါးသွားကုန်ကြပြီလို့ သိရပါတယ်။ လောလောဆယ်တော့ ကယ်ဆယ်ရေးသမားတွေက ကလေးငယ်ကို ကြည့်ရှုစောင့်ရှောက်ထားပါတယ်။

တနင်္လာနေ့က လှုပ်ရှားခဲ့တဲ့ ပြင်းအား ၇.၈ အဆင့်ငလျင်ကြီးကြောင့် တူရကီနှင့်ဆီးရီးယားနှစ်နိုင်ငံစလုံးမှာ လူပေါင်း ၇၈၀၀ကျော် သေဆုံးခဲ့ရပြီး အဆောက်အဦများစွာပြိုကျပျက်စီးခဲ့ရပါတယ်။

ကလေးငယ် ၁.၄သန်းအပါအဝင် လူဦးရေ ၂၃သန်းကျော်ဟာ ငလျင်ကြောင့် ထိခိုက်ဆုံးရှုံးမှုတွေရှိမယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကခန့်မှန်းထားပါတယ်။

ရုပ်သံကို Telegramလင့်ခ်တွင်ကြည့်ပါ

https://t.me/yangonmediagroup/16830

Source: WION

#New_born_baby_survived_in_earthquakes

#Turkey-Syria_Earthquakes