Published 22 Jan 2023

ကာလီဖိုနီးယားပြည်နယ် မွန်ထရီပတ်မြို့အနီးမှာ လူအစုလိုက်အပြုံလိုက်ထဲ သေနတ်ဖြင့်ပစ်ခတ်မှု စနေနေ့ညက ဖြစ်ပွားခဲ့ရာ လူ(၉)ဦးသေဆုံးခဲ့တယ်လို့ လော့အင်ဂျလိစီရင်စုရဲဌာနက ပြောပါတယ်။

“ ပစ်ခတ်မှုကြောင့်သေဆုံးရမှုတွေကို စုံစမ်းစစ်ဆေးနိုင်ဖို့ မွန်ထရီပတ်ရဲဌာနကို အကူအညီပေးဖို့ လော့အင်ဂျလိစီရင်စုရဲဌာနက ရဲထောက်လှမ်းရေးတွေ ဆောင်ရွက်နေပါတယ်။ လူ(၉)ဦးသေဆုံးပါတယ်” လို့ အဲဒီရဲဌာနက သတင်းတိုထုတ်ပြန်ပါတယ်။

“ယခုအချိန်မှာ နောက်ထပ် သတင်းအချက်အလက်မရရှိသေးပါဘူး” လို့လည်းဆိုပါတယ်။

သံသယဖြစ်စရာသေနတ်သမားဟာ အမျိုးသားတစ်ဦးဖြစ်တယ်လို့ ရဲဌာနကပြောပေမယ့် သူလွတ်မြောက်နေသလား ဖမ်းမိသလား မသိကြရသေးပါဘူး။

စနေနေ့ ဒေသံစံတော်ချိန် ည၁၀နာရီမှာ သေနတ်ပစ်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး မွန်ထရီပတ်ခ်က တရုတ်နှစ်သစ်ကူးပွဲ ကျင်းပနေတဲ့ အနားတစ်ဝိုက်မှာ ဖြစ်ခဲ့တာလို့ အမေရိကန်မီဒီယာတွေက သတင်းဖော်ပြပါတယ်။

ဆိုရှယ်မီဒီယာတွေမှာတင်ထားတဲ့ပို့စ်တွေထဲမှာ ဒဏ်ရာရတဲ့သူတွေကို လူနာတင်စင်နှင့် လူနာတင်ကားပေါ် သယ်ဆောင်သွားတာကိုမြင်တွေ့ကြရပါတယ်။ သေနတ်ပစ်ခတ်တဲ့နေရာအနီးမှာ ကပွဲကလပ်တစ်ခုလည်းရှိပြီး အခြာတစ်ဖက်မှာ ရဲတပ်ဖွဲ့အရံအတားရှိနေတာကို ဗွီဒီယိုတွေမှာတွေ့ရပါတယ်။

“ ကျွန်တော်တို့ရဲ့ အနီးနားက မွန်ထရီပတ်ခ်မြို့ သေနတ်ပစ်ခတ်မှုမှာ ယနေ့ညမှာ သူတို့ချစ်မြတ်နိုးသူတွေကို ဆုံးရှုံးခဲ့ရသူတွေအတွက် ကျွန်တော်တို့ကြေကွဲကြရပါတယ်” လို့ လော့အင်ဂျလိမြို့ ကြီးကြပ်ရေးအရာရှိ ကက်နက် မဲဂျာက တွစ်တာမှာရေးပါတယ်။

စနေစောစောပိုင်းမှာ အဆိုပါတရုတ်နှစ်သစ်ကူးပွဲကို လူရာပေါင်းများစွာတက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။

အဲဒီနေရာမှာ မက်ရှင်းဂန်းကိုင်ထားတဲ့ အမျိုးသားတစ်ဦးတွေ့ခဲ့တယ်လို့ အနီးအနားက သူ့ရဲ့ စားသောက်ဆိုင်လာရောက်ပြီး ခိုလှုံတဲ့ လူတစ်ဦးက ဆိုင်ရှင်ကိုပြောခဲ့တယ်လို့ လော့အင်ဂျလိတိုင်းမ်သတင်းစာကရေးသားပါတယ်။

Source Reuters

#Mass_shooting_Monterey-Park_California

#9_killed_mass_shooting

#USA