Published 14 January 2023

အမေရိကန်ပြည်ထောင်စုနှင့် ဂျပန်နိုင်ငံတို့ဟာ အာကာသပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။  အမေရိကန်ပြည်ထောင်စုကို ဂျပန်ဝန်ကြီးချုပ် ကီရှီဒါ အလည်အပတ်ခရီးစဉ်အတွင်း နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေက လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။ အဲဒီလက်မှတ်ရေးထိုးပွဲကို ဝါရှင်တန်ဒီစီက နာဆာ ဌာနချုပ်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ဂျပန်ဝန်ကြီးချုပ်ဟာ အမေရိကန်အာကာသအေဂျင်စီနာဆာကို သွားရောက် လေ့လာလည်ပတ်ပြီးနောက် လက်မှတ်ရေးထိုးပွဲကို ဆက်လက်ပြုလုပ်ခဲ့တာပါ။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်နှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး ယိုရှီမာဆာ ဟာရာရှီတို့ဟာ ဂျပန်ဝန်ကြီးချုပ်ရှေ့မှောက်မှာ အဆိုပါ အမေရိကန်-ဂျပန်အာကာသပူးပေါင်းဆောင်ရွက်ရေး မူဘောင်သဘောတူညီချက် ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

အဲဒီသဘောတူညီချက်ထဲမှာ  ဂျပန်နှင့် အမေရိကန်နှစ်နိုင်ငံအကြား ငြိမ်းချမ်းရေးရည်ရွယ်ချက်နှင့် အာကာသပူးပေါင်း ဆောင်ရွက်ရေးအတွက် အခြေခံမူဘောင်တွေပါဝင်ပါတယ်။ဒီလက်မှတ်ရေးထိုးပြီးနောက် နှစ်နိုင်ငံဟာ သူတို့ပြည်တွင်း ဆက်လက်လုပ်ဆောင်ရမယ့်လုပ်ငန်းစဉ်တွေကို အပြီးသတ်ဆောင်ရွက်ရမှာဖြစ်တယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဒီသဘောတူညီချက်ဟာ ဂျပန်နှင့်အမေရိကန်နှစ်နိုင်ငံအကြား  အာကာသပူးပေါင်းဆောင်ရွက်ရေးနှင့် အခြားနယ်ပယ် တွေမှာပူးပေါင်းဆောင်ရွက်ရေးတိုးမြှင့်ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်တယ်လို့ ဂျပန်ဝန်ကြီးချုပ်ကီရှီဒါက ပြောပါတယ်။

ဒီမူဘောင်သဘောညီချက်ဟာ ကျွန်တော်တို့ရဲ့ပူးပေါင်းဆောင်ရွက်မှုမှာ အထွတ်အထိပ်အသစ်တစ်ခုကို ရောက်ရှိစေပါလိမ့်မယ်။ အာကသနည်းပညာနှင့်ပို့ဆောင်ရေး၊ လမျက်နှာပြင် စက်ရုပ်မစ်ရှင်တွေနှင့် ရာသီဥတုဆက်စပ် မစ်ရှင်တွေလို နယ်ပယ်တွေနှင့် ဂျပန်အာကာသယာဉ်မှူးတွေကို လကိုစေလွှတ်မယ့် ကျွန်တော်တို့ရဲ့ ဘုံမျှော်မြင်မှုတွေ မှာ မိတ်ဖက်ဖြစ်မှုပိုမိုခိုင်မာလာစေပါလိမ့်မယ်” လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကပြောပါတယ်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီးကလည်း ဒီသဘောတူညီချက်ကို အခြေပြုပြီး ဂျပန် အမေရိကန် အာကာသပူးပေါင်းဆောင်ရွက်မှုဟာ ပိုမိုပြီးနက်ရှိုင်းလာပြီး အနာဂတ်မှာ လူသားအားလုံးအတွက် အကျိုးရှိစေမယ်လို့သူရိုးသားစွာယုံကြည်တယ်လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

Source AFP