ကစားသမားတွေအနေနဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲ သတင်းစာရှင်းလင်းပွဲမှာ စားပွဲပေါ်က စပွန်ဆာ ကုန်ပစ္စည်းတွေကို နေရာရွှေ့ခဲ့ရင် သက်ဆိုင်ရာအသင်းတွေ ဒဏ်ရိုက်ခံရမယ်လို့ ဥရောပ ဘောလုံးအဖွဲ့ချုပ်(UEFA) က သတိပေးထုတ်ပြန်လိုက်ပါတယ်။ ပြီးခဲ့တဲ့ရက်သတ္တပတ်က ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒိုဟာ သတင်းစာရှင်းလင်းပွဲမှာ ကိုကာကိုလာပုလင်းတွေကို ဖယ်ထုတ်ပြီး ရေပဲ သောက်မယ်လို့ ပြောခဲ့ရာကနေ ကိုကာကိုလာအချိုရည်ကုမ္ပဏီရဲ့ စတော့စျေးကွက် တန်ဖိုး ဒေါ်လာ ၄ ဘီလီယံလောက် ရုတ်တရက်ကျဆင်းသွားခဲ့ရပြီးတဲ့နောက် အခုလို သတိပေးပြောဆိုခဲ့တာပါ။