Published 14 August 2022

လျှပ်စစ်ဓာတ်အားမလုံလောက်မှုနှင့် ကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အားတွေကို နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းတွေကတစ်ဆင့် ပြည်ပက ဝယ်ယူဖို့ ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

ဩဂုတ်၁၃ ရက်က ပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များသို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှုအခြေအနေများနှင့်ပတ်သက်တဲ့ ညှိနှိုင်းအစည်းအဝေးတစ်ခုမှာ နစကရဲ့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က ပြောကြားခဲ့တာဖြစ်ပါတယ်။

“လျှပ်စစ်ဓာတ်အားသုံးစွဲသူ ပြည်သူများနှင့် စက်မှုဇုန်/စက်မှုလက်မှု လုပ်ငန်းများတွင် တည်ငြိမ်သော လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်ရေးအတွက် ဓာတ်အားပေးစက်ရုံများ၊ မဟာဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများကို တည်ဆောက်ဆောင်ရွက်ပေးလျက်ရှိပါတယ်။  နိုင်ငံတွင် နှစ်စဉ်တိုးတက်သုံးစွဲလာသည့် ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်ဆောင်ရွက်ဆဲစီမံကိန်းများအနေဖြင့် ရေအား လျှပ်စစ်စီမံကိန်းများနှင့် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများအပြင် နယ်စပ်ဖြတ်ကျော်ဓာတ်အားလိုင်းများနှင့် လျှပ်စစ်ဓာတ်အားဝယ်ယူနိုင်ရန် ဆောင်ရွက်လျက်ရှိပါတယ်။ဆက်လက်ပြီးတော့လည်း  လေစွမ်းအင်အပါအဝင် အရင်းအမြစ်မျိုးစုံကို အသုံးပြု၍ လျှပ်စစ်ဓာတ်အားတိုးတက်ထုတ်လုပ် နိုင်ရေးကိုလည်း စီစဉ်ဆောင်ရွက်လျက်ရှိတယ်”လို့ ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် ဘယ်နိုင်ငံကနေ လျှပ်စစ်ဓာတ်အားတွေ ဝယ်မယ်ဆိုတာနှင့် အဲဒီလုပ်ငန်းနှင်ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ သူက ထုတ်ဖော်ပြောကြားသွားခြင်းမရှိပါဘူး။

နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းတွေ သွယ်တန်းပြီး အိမ်နီးချင်း တရုတ်နှင့် လာအိုနိုင်ငံတွေကနေ လျှပ်စစ်ဓာတ်အားတွေ  ဝယ်ယူဖို့ ပြီးခဲ့တဲ့ အစိုးရများလက်ထက်မှာ စီစဉ်ခဲ့ပေမယ့် လုပ်ငန်းစတင်ဆောင်ရွက်နိုင်ခြင်းမရှိခဲ့ပါဘူး။

အဲဒီအတွက် ယခုလို ပြည်ပမှ လျှပ်စစ်ဓာတ်တင်သွင်းမှာဟာ အိမ်နီးချင်း တရုတ်နိုင်ငံ ယူနန်ပြည်နယ် နှင့် လာအိုနှစ်ခုစလုံး သို့မဟုတ် တစ်ခုခုနှင့် ဖြစ်နိုင်ချေရှိတယ်လို့ အဆိုပါလုပ်ငန်းတွေနှင့် ထိတွေ့ကျွမ်းဝင်ခဲ့ဖူးတဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေ အသိုင်းအဝန်းမှသိရှိရပါတယ်။

-ymg/knl

#Myanmar_Electricity_shortage

#Myanmar_Electricity_Import