Published 8 August 2022

ကျူဘားနိုင်ငံ မြောက်ပိုင်းကမ်းခြေမှာရှိတဲ့ လောင်စာသိုလှောင်ရုံတစ်ခုမှာ မီးလောင်ကျွမ်းနေတာကို တနင်္ဂနွေနေ့က သုံးရက်မြောက်အဖြစ် ဆက်လက်ကြိုးစား ငြှိမ်းသတ်နေပါတယ်။ အဲဒီလောင်စာသိုလှောင်စခန်းမီးလောင်မှုကြောင့် လူတစ်ဦး အနည်းဆုံးသေဆုံးပြီး ၁၂၂ ဦးထိခိုက်ဒဏ်ရာတွေရရှိခဲ့ကြပါတယ်။ လျှပ်စစ်ဓာတ်အားမလုံလောက်မှုတွေနှင့် ရင်ဆိုင်နေရဲ့ ကျူးဘားအတွက် အခက်ထပ်ကြုံရတာဖြစ်ပါတယ်။

မက်တန်ဇာဆိပ်ကမ်းရဲ့ လောင်စာသိုလှောင်စခန်းက သိုလှောင်ကန်တစ်ကန်ကို သောကြာနေ့ ညက မိုးကြိုးပစ်ခံရပြီး မီးစတင်လောင်ကျွမ်းခဲ့ပါတယ်။ အဲဒီကနေ စနေမနက်မှာ နောက်ထပ်ကန်တစ်ကန်ကိုမီးကူးစက်သွားပြီးနောက် ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။

တနင်္ဂနွေနေ့ နှောင်းပိုင်းမှာတော့ ပထမကန်မီးငြိမ်းသွားပါတယ်။ ဒါပေမယ့် မီးခိုဖြူတွေကထွက်နေဆဲဖြစ်ပြီး ဒုတိယကန်က မီးကတော့ ဆက်လက်ကူးစက်လောင်ကျွမ်းနေခဲ့ပါတယ်။

ကျူဘားရဲ့ မီးသတ်သမားတွေဟာ မက္ကဆီကိုနှင့် ဗင်နီဇွဲလားက မီးသတ်ကျွမ်းကျင်သူတွေနှင့်အတူ တနင်္ဂနွေနေ့က မီးတောက်ကြီးကို  အနားက အခြားကန်တွေကို မကူးစက်အောင် ထိန်းခဲ့ကြပါတယ်။

“ မီးအပြင်းဆုံးလောင်နေတဲ့ကန်နှင့်ကပ်လျက် တတိယကန် မပျက်စီးအောင်ကျွန်တော်တို့ထိန်းထားကြတယ်။ မွန်းလွဲပိုင်းမှာ လေပြင်းတိုက်လိုက်တာနှင့် မီးက ပိုကြီးသွားပြီး အနားက ရေနံလှောင်ကန်တွေနှင့်ပိုနီးလာတယ်” လို့ မက်တန်ဇာ ပြည်နယ် အုပ်ချုပ်ရေးမှူး မာရီယိုဆာဘိုင်းလိုရင်ဇိုက ပြောပါတယ်။

ယခုအချိန်ထိ အဲဒီနေရာက ဒေသခံ ၅၀၀၀ခန့်ကို နေရာရွှေ့ပြောင်းထားပြီးဖြစ်ပါတယ်။  တနင်္ဂနွေမနက်မှာတော့ အနီးအနား ကန်တွေထဲက ရေနံတွေကို နိုင်ငံပိုင်ရေနံကုမ္ပဏီက ရွှေ့ပြောင်းသယ်ယူနေခဲ့ကြပါတယ်။

ကာရစ်ဘီယံကျွန်းနိုင်ငံဖြစ်တဲ့ ကျူးဘားမှာ လောင်စာမလုံလောက်လို့ လျှပ်စစ်မီးပြတ်တောက်မှုတွေကြုံနေရတဲ့အချိန်မှာ ယခု ရေနံလှောင်ကန်ပေါက်ကွဲမှုကြောင့် ပိုပြီးအခြအနေဆိုးရွားသွားစေပါလိမ့်မယ်။

“ပြည်သူတွေအတွက် လျှပ်စစ်မီး အနည်းဆုံးလိုအပ်ချက်ရရှိအောင် ဆီဝယ်ဖို့ ငွေအနည်းအပါး ရင်းနီးဖို့လိုတယ်။ ဒီပြဿနာဟာ ကျွန်တော်တို့ယနေ့ရင်ဆိုင်နေရတဲ့ပြဿနာပါ။ ကျွန်တော်တို့သမ္မတကြီးကတော့ ဒါဟာ ရေတိုပြဿနာမဟုတ်ဘူးလို့ပြောထားပါတယ်” လို့သူကဆက်ပြောပါတယ်။

Source: AFP

#Fuel_depot_Fire

#Cuba_Fuel_Depot_Fire

#Cuba_Power_Shortage