Published 12 August 2022

မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးကဏ္ဍကို အဓိကထားပြီး အခြားကဏ္ဍများပါ စီးပွား မြှင့်တင် ဆောင်ရွက်နိုင်ရေး အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ကျပ်ဘီလီယံ ၄၀၀ကို မတည်လိုက်တယ်လို့သိရပါတယ်။

စီးပွားရေးမြှင့်တင်ဆောင်ရွက်ဖို့ ဦးတည်ထားတဲ့ အဆိုပါရန်ပုံငွေကို လယ်ယာစီးပွား မြှင့်တင်ရေးနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ၏ စီးပွားရေး မြှင့်တင်ရေးဟူ၍ နှစ်မျိုးခွဲမြှင့်တင်  ဆောင်ရွက်ဖို့  ရည်ရွယ်မတည်တာဖြစ်တယ်လို့လည်း နစကရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

အဆိုပါနိုင်ငံ့စီးပွားမြှင့်တင်ရန်ပုံငွေမှ ရန်ပုံငွေများ လွှဲအပ်ခြင်းအခမ်းအနားကို  ယနေ့ဩဂုတ် ၁၂ရက် နံနက်ပိုင်းက  နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ ကျင်းပခဲ့ရာမှာ နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်၊ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်ကောင်စီအဖွဲ့ဝင်တွေ ပြည်ထောင်စုဝန်ကြီးတွေ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တွေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများနှင့် တိုင်းတို့မှ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတွေ တက်ရောက်ခဲ့ကြပါတယ်။

“နိုင်ငံ တိုးတက်ဖွံ့ဖြိုးရေးအတွက် စီးပွားရေးတိုးတက်အောင် ကြိုးစား ဆောင်ရွက်ရပါမယ်။ စီးပွားရေးနှင့် နိုင်ငံရေးဟာ ဆက်စပ်လျက်ရှိပြီး စီးပွားရေး ကောင်းမွန်မှသာလျင် နိုင်ငံရေးသည်လည်း တည်ငြိမ်မှာဖြစ်တယ်” လို့ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်က အဆိုပါအခမ်းအနားမှာပြောကြားပါတယ်။

စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကို မြှင့်တင်ရမည် ဖြစ်သဖြင့် ယခုကဲ့သို့ နိုင်ငံ့စီးပွားရေး မြှင့်တင်ရေး ရန်ပုံငွေအဖြစ် ဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခဲ့ရာတွင် လျှင်မြန်စွာ တိုးတက်   အောင်မြင်နိုင်သည့် (Quick Win)နှင့် စိုက်ပျိုးရာသီနှင့် ကိုက်ညီမှုရှိသည့် နွေစပါးနှင့် ဆောင်းသီးနှံတို့ကို ထောက်ပံ့ပေးနိုင်မည့် အခြေအနေကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် နွေစပါးနှင့် နိုင်ငံ၏ အဓိကပြည်ပပို့ကုန် တစ်ခုဖြစ်သည့် ပဲတီစိမ်း စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်နိုင်ရန် ရန်ပုံငွေပေးအပ်ခြင်းဖြစ်တယ်လို့ ဗိုလ်ချူပ်မှူး  ကြီးက ဆက်လက်ပြောကြားပါတယ်။

နိုင်ငံ့စီးပွားရေးမြှင့်တင်မှုကဏ္ဍတွင် စိုက်ပျိုးရေးကို အဓိကထား အခြေခံ၍ လုပ်ဆောင်ခြင်းဖြစ်ပြီး  ဘီလီယံ ၄၀၀ အနက် ကျန်ရှိငွေ များကို အခြားလုပ်ငန်းများတွင် အသုံးပြုနိုင်ရေး ဆွေးနွေးတိုင်ပင်၍ ဆက်လက် ဆောင်ရွက်သွားမယ်လို့လည်းသိရပါတယ်။

လိုအပ်ချက် ရှိသည့် ဒေသများအနေဖြင့်လည်း သီးခြားအစီအစဉ်ဖြင့် လိုအပ်ပါက တင်ပြနိုင်ပြီး အချို့လုပ်ငန်း များသည် မြစိမ်းရောင်စီမံကိန်းဖြင့် ဆောင်ရွက်၍ရနိုင်မည်ဖြစ်ပြီး ဒေသတွင်း၌ ၎င်းငွေကို တိုးပွားအောင် ဆက်လက်ဆောင်ရွက်နေရန်အတွက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်း အတွက် မတည်ပေးခြင်းပင် ဖြစ်တယ်လို့လည်း သတင်းမှာဖော်ပြထားပါတယ်။

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ကျပ်ဘီလီယံ ၄၀၀ မှ ရန်ပုံငွေ လွှဲအပ်မှုအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသို့ ကျပ်၁၇၀ ဘီလီ ယံ၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနသို့ ကျပ်၆၀ ဘီလီယံ၊ မြစိမ်းရောင် စီမံကိန်းများ လွတ်လပ်စွာ ဆောင်ရွက်နိုင်ရန် ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ် တို့သို့ ပြည်နယ်တစ်ခုလျင် ကျပ်၁၀ ဘီလီယံ၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်။ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်တို့သို့ ပြည်နယ်နှင့် တိုင်းဒေသ ကြီး တစ်ခုလျင် ကျပ်၈ ဘီလီယံ၊ နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသတို့နှင့် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတို့သို့ ဒေသတစ်ခုလျင် ကျပ်၅ ဘီလီယံ စသည်ဖြင့် လွှဲအပ်ပေးခဲ့ပြီး စုစုပေါင်း ငွေကျပ်ဘီလီယံ ၃၃၀ လွှဲအပ်ခဲ့တာဖြစ်တယ်လို့ သိရှိရပါတယ်။

Source:MOI