Published 12 July 2022

ကာလီဖိုးနီးယားပြည်နယ်တောင်ပိုင်းက 7-Eleven(ဆဲဗင်းအလဲဗင်း) စတိုးဆိုင် (၆)ဆိုင်မှာ တနင်္လာနေ့ မိုးသောက်ချိန်ခန့်မှာ သေနတ်ပစ်ဓားပြမှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ရာ လူ(၂)ဦးသေဆုံးပြီး (၃)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အာဏာပိုင်တွေကပြောပါတယ်။ အဲဒီ သေနတ်ပစ်လုယက်မှုကျူးလွန်တဲ့ (၆)နေရာထဲက အနည်းဆုံး (၃)နေရာမှာ ကျူးလွန်ခဲ့တယ်လို့ သံသယဖြစ်သူ တစ်ကိုယ်တော် သေနတ်သမားကို ရဲတွေက ရှာဖွေနေပါတယ်။

ဇူလိုင်၁၁ရက် မိုးသောက်ချိန်ခန့်ကနေ နာရီပေါင်း ငါးနာရီအတွင်း အကြမ်းဖက်မှု (၆)ခု ဆက်တိုက်ဖြစ်ပွားခဲ့တာပါ။ အဲဒီအချိန်ဟာ ဆဲဗင်းအလဲဗင်းရဲ့ ၉၅နှစ်ပြည့်နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ဆလာပီအအေးတွေ အခမဲ့ တိုက်နေတာ လည်းဖြစ်ပါတယ်။

အွန်တာရီယို၊အပ်လန်း၊ရေဗားဆိုက်၊ဆန်တာအန်နာ၊ဘရီယာနှင့် လာဟာဘရာမြို့တွေမှာ ဒီလိုအကြမ်းဖက်မှု ဘာကြောင့် လုပ်သလဲဆိုတာကို စုံစမ်းစစ်ဆေးသူတွေ ရှင်းရှင်းလင်းလင်းမသိကြသေးပါဘူး။

“ဒီအမှုကျူးလွန်သူကိုယ်တိုင်ကပဲ ဖြေပေးနိုင်လိမ့်မယ်” လို့  ရေးဗားဆိုက် ရဲတပ်ဖွဲ့က ပြောရေးဆိုခွင့်ရသူ အရာရှိ ရိုင်ယန်ရေးးဘက်ကပြောပါတယ်။

ဆဲဗင်းအလဲဗင်းကို ခုနှစ်လပိုင်း ၁၁ရက်မှာ တိုက်ခိုက်တာ တိုက်ဆိုင်မှုတော့ မဖြစ်လောက်ဘူးလို့လည်း သူက ပြောပါတယ်။

သေဆုံးသူတွေနှင့်မိသားစုဝင်တွေနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရပါတယ်လို့ ဆဲဗင်း အလဲဗင်းက ကြေညာချက်ထုတ်ပြန်ပါတယ်။

ပထမဆုံးပစ်ခတ်ဓားပြတိုက်မှုကို လော့အင်ဂျလိအရှေ့ဖက် ၃၅ မိုင်ဝေးကွာတဲ့ အွန်တာရီယိုမြို့မှာ ညသန်းခေါင်စတင်ခဲ့တာဖြစ်ပါတယ်။  Mask တပ်ထားတဲ့ အမျိုးသားတစ်ဦး သေနတ်ကိုင်ပြီး စတိုးဆိုင်ထဲဝင်လာကာ ဝန်ထမ်းထံကနေ ပိုက်ဆံတောင်းပါတယ်။သူက သေနတ်မပစ်ခဲ့သလို ဘယ်သူမှလည်း ဒဏ်ရာမရခဲ့ပါဘူးတဲ့။ ဒါပေမယ့် ပိုက်ဆံ ပါသွားသလား မပါသွားသလားလည်း အသေအချာမသိသေးဘဲရှိနေပါတယ်။

အဲဒီနောက် ၄၅မိနစ်အကြာမှာ အခုစတိုးနှင့် ၅ မိုင်လောက်ကွာဝေးတဲ့အပ်လန်းက စတိုးဆိုင်မှာ အလားတူဓားပြတိုက်မှုဖြစ်ခဲ့ပါတယ်။အဲဒီမှာလည်း ဒေါ်လာ ၄၀၀ကနေ ၅၀၀ အထိငွေတွေနှင့် ဆိုင်ကပစ္စည်းအချို့ယူပြီး ဓားပြဟာထွက်သွားခဲ့ပါတယ်။ သေနတ်ပစ်မသွားခဲ့ပါဘူး။

တစ်နာရီအကြာမှာ အပ်လန်းက ၂၅မိုင်ဝေးတဲ့ ရေးဗားဆိုက်က ဆိုင်မှာ သေနတ်ပစ်ပြီး ဓားပြတိုက်ခဲ့ပါတယ်။ သေနတ်ပစ်ခံရတဲ့ ဝန်ထမ်းဟာ စိုးရိမ်ရတဲ့အခြေအနေရှိပါတယ်။

အဲဒီနောက် မနက် ၃နာရီ ၂၀မိနစ်ခန့်မှာ ဆန်တာ အန်နာမှာဖြစ်ပွားခဲ့ပြန်ပါတယ်။

မိနစ် ၄၀ အကြာမှာ ဘရီယာက စတိုးမှာ သေနတ်ပစ်ခံရပြီး သေဆုံးမှုရှိခဲ့ပါတယ်။ အဲဒီပစ်ခတ်မှုအပြီး တစ်နာရီမပြည့်ခင် မနက် ၄ နာရီ ၅၅မိနစ်ခန့် မှာ လာဟာဘရာ စတိုးဆိုင်မှာ ပစ်ခတ်ဓားပြတိုက်မှုဖြစ်ပွားခဲ့ပြီး လူနှစ်ဦးသေနတ်ကျည်ဆံထိမှန်ခံပါတယ်။ အာဏာပိုင်တွေက ပစ်ခတ်ခံရသူတွေ အခြေအနေထုတ်ပြန်ခြင်းမရှိသေးပါဘူး။

Source AP

#US_7_Eleven_Store_Shooting

#7_Eleven_robbery

#US_Gun_Issue